ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်
Friday, May 11, 2012
Interview By Eleven Media Group (Cancelled By Censorship)
မြန်မာ ဘလောဂါ အသိုက်အ၀န်း၌ နာမည် ကျော်ကြားသူတစ်ဦးဖြစ်ခဲ့ပြီး ၂၀၀၈ခုနှစ်တွင် ပထမဆုံးထိမ်းသိမ်းခံခဲ့ရသည့် ဘလောဂါတစ်ဦး ဖြစ်ခဲ့သူ၊ အကျဉ်းကျနေစဉ်ကာလ ၂၀၀၈ခုနှစ်မှာပင် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့မှ ပေးအပ်သောဆုကို လူရွှင်တော် ဇာဂနာနှင့်အတူ ရရှိခဲ့ဖူးသူ၊ ၂၀၁၀ပြည့်နှစ်တွင် PEN American မှပေးသော ရွှေကလောင်ဆုနှင့် တိုင်းမ်မဂ္ဂဇင်းမှ ရွေးချယ်သည့် Hero 100 စာရင်းတွင် ပါဝင်ခဲ့သူ၊ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သူ ဘလောဂါ နေဘုန်းလတ်နှင့် တွေ့ဆုံခဲ့ခြင်းအား ဖော်ပြအပ်ပါသည်။
'လွှတ်တော်ပြင်ပနိုင်ငံရေးဆိုတာ လမ်းပေါ်ထွက်တာကို ပြောတာမဟုတ်ပါဘူး'
ဘလောဂါ နေဘုန်းလတ်နှင့် တွေ့ဆုံခြင်း
မေး - ၂၀၀၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာတဲ့ ဘလောဂါ ပထမမျိုးဆက်တွေထဲမှာ ကိုနေဘုန်းလတ်လည်း တစ်ဦးအပါ အ၀င်ဖြစ်ပါတယ်။ အထူးသဖြင့် 'ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော်' ဘလော့ကြောင့် ပိုထင်ရှားခဲ့ပြီး ကိုနေဘုန်းလတ်ကိုလည်း မြို့စားကြီးလို့ အွန်လိုင်းသုံးသူတွေက ခေါ်ခဲ့ကြပါတယ်။ အခုတော့ မြို့စားကြီး ပြန်လွတ်လာပါပြီ။ ၂၀၀၈ခုနှစ် ဇန်န၀ါရီလ ၂၉ရက်နေ့မှာ အဖမ်းခံခဲ့ရတယ်။ အဲဒီနှစ် နိုဝင်ဘာမှာ ထောင်ဒဏ် ၂၀နှစ်နဲ့ ခြောက်လ အမိန့် ချမှတ်ခံရပါတယ်။ ၂၀၀၉ခုနှစ်မှာ အယူခံဝင်တာ အောင်မြင်သွားပြီး ထောင်ဒဏ် ၁၂နှစ် ပြောင်းလဲ သတ်မှတ်ခံရပါတယ်။ ဘလောဂါတစ်ဦး ဖြစ်တာကြောင့် အမှုတွေက ပိုများ သွားတာလား။
Saturday, May 5, 2012
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (Myanmar Journalists Association)
မြန်မာနိုင်ငံ
သတင်းစာဆရာအသင်း အသင်းဝင်မှတ်ပုံတင်ပုံစံများကို
အောက်ပါလိပ်စာသို့ပေးပို့နိုင်ကြပါသည်။
အမှတ်(၁၅၀-၁၆၀)၊ ၃၅ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ၀၉
၄၂၁၀ ၉၄၆၅၉
လက်ရှိသတင်းမီဒီယာများတွင် တာဝန်ထမ်းဆောင်နေသော သတင်းသမားများ၊
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အလွတ်တန်းသတင်းထောက်များနှင့်
အောက်ပါလိပ်စာသို့ပေးပို့နိုင်ကြပါသည်။
အမှတ်(၁၅၀-၁၆၀)၊ ၃၅ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ၀၉
၄၂၁၀ ၉၄၆၅၉
လက်ရှိသတင်းမီဒီယာများတွင် တာဝန်ထမ်းဆောင်နေသော သတင်းသမားများ၊
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အလွတ်တန်းသတင်းထောက်များနှင့်
မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင်
သတင်းထောက်များ
အနေဖြင့်ယင်းလိပ်စာသို့ ဆက်သွယ်၍
အသင်းဝင်ပုံစံများ ရယူခြင်း၊
ပြန်လည်ပေးပို့ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ (စာအိပ်ပေါ်တွင် MJA အသင်းဝင်
မှတ်ပုံတင်ပုံစံဟု ထင်ထင်ရှားရှားရေးသားပေးပါရန်)
ဆက်သွယ်ရေးခက်ခဲသောနေရာဒေသမှ သတင်းသမားများအနေဖြင့် A4 စက္ကူတွင် အမည်၊
ပြန်လည်ပေးပို့ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ (စာအိပ်ပေါ်တွင် MJA အသင်းဝင်
မှတ်ပုံတင်ပုံစံဟု ထင်ထင်ရှားရှားရေးသားပေးပါရန်)
ဆက်သွယ်ရေးခက်ခဲသောနေရာဒေသမှ သတင်းသမားများအနေဖြင့် A4 စက္ကူတွင် အမည်၊
ကလောင်အမည်၊ အဘအမည်၊
နိုင်ငံသားစိစစ်ရေးအမှတ်၊ လူမျိုး/ကိုးကွယ်သည့်ဘာသာ၊
ပညာအရည်အချင်း၊ မွေးသက္ကရာဇ်၊ / အသက်၊ လက်ရှိကိုယ်စားပြု အဖွဲ့အစည်း(သို့)
စာစောင် (ရှိလျှင်)၊ လုပ်ငန်းအတွေ့အကြုံ၊ ယခင်လုပ်ကိုင်ခဲ့ဖူးသော
စာနယ်ဇင်းများ၊ သတင်းစာပညာနှင့်ပတ်သက် တက်ရောက်ဖူးသော သင်တန်း
(ရှိလျှင်)၊ ဆက်သွယ်နိုင်မည့် လိပ်စာ အပြည့်အစုံ၊ ဆက်သွယ်ရန် ဖုန်း၊
ပညာအရည်အချင်း၊ မွေးသက္ကရာဇ်၊ / အသက်၊ လက်ရှိကိုယ်စားပြု အဖွဲ့အစည်း(သို့)
စာစောင် (ရှိလျှင်)၊ လုပ်ငန်းအတွေ့အကြုံ၊ ယခင်လုပ်ကိုင်ခဲ့ဖူးသော
စာနယ်ဇင်းများ၊ သတင်းစာပညာနှင့်ပတ်သက် တက်ရောက်ဖူးသော သင်တန်း
(ရှိလျှင်)၊ ဆက်သွယ်နိုင်မည့် လိပ်စာ အပြည့်အစုံ၊ ဆက်သွယ်ရန် ဖုန်း၊
အီးမေးလ်၊ ထိုးမြဲ လက်မှတ်နှင့်
ဓာတ်ပုံ နှစ်ပုံကို
အထက်ဖော်ပြပါလိပ်စာသို့
စာတိုက်မှတစ်ဆင့်ပေးပို့နိုင်ပါသည်။
(စာအိပ်ပေါ်တွင် MJA အသင်းဝင် မှတ်ပုံတင်ပုံစံဟု ထင်ထင်ရှားရှားရေးသားပေးပါရန်)
မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖွဲ့စည်းပုံစည်းမျဉ်း(မူကြမ်း) နှင့် ရှေ့လုပ်ငန်းစဉ်
တို့ကို http://www.mja2012.org တွင် ဖတ်ရှုကာ အသင်းဝင်အဆိုပြုလွှာကိုလည်း
download ရယူနိုင်ပါသည်။ အီးမေးလ်ဖြင့်ပို့ပါက [email protected]
သို့လည်းပို့ပေးနိုင်ကြပါသည်။
(စာအိပ်ပေါ်တွင် MJA အသင်းဝင် မှတ်ပုံတင်ပုံစံဟု ထင်ထင်ရှားရှားရေးသားပေးပါရန်)
မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖွဲ့စည်းပုံစည်းမျဉ်း(မူကြမ်း) နှင့် ရှေ့လုပ်ငန်းစဉ်
တို့ကို http://www.mja2012.org တွင် ဖတ်ရှုကာ အသင်းဝင်အဆိုပြုလွှာကိုလည်း
download ရယူနိုင်ပါသည်။ အီးမေးလ်ဖြင့်ပို့ပါက [email protected]
သို့လည်းပို့ပေးနိုင်ကြပါသည်။
Thursday, April 19, 2012
သင်္ကြန်ခရီးစဉ် ... (၂)
ဒုတိယအကြတ်နေ့ညနေပိုင်းမှာ … ရွာတစ်ရွာက
ညီငယ်တစ်ယောက်ရောက်လာပြီး … အိုင်သပြုနဲ့ ငါးသို်င်းချောင်းကြားမှာ
ဆည်ဆောက်ဖို့အတွက် မြေတွေဖို့တာ ပါသွားတဲ့ လယ်ကွက်တွေကို လျှော်ကြေးမပေးဘူး
ဆိုတဲ့အကြောင်း၊ခမောက်စုအထက်တန်းကျောင်းက ကျောင်းအုပ်ဆရာမကြီး ကျောင်းသား၊
ကျောင်းသူတွေစီကနေ … ပိုက်ဆံတွေအကောက်ကြမ်းပြီး
ခြံတွေတစ်ခြံပြီးတစ်ခြံဝယ်နေတယ်ဆိုတဲ့အကြောင်း ၊စာမေးပွဲကြေး ၇၀၀ ကိုလည်း တစ်ယောက်
၇၀၀၀ ကောက်ပြီး ဆရာမကြီးနဲ့ အကြံပေးဆရာ တစ်ယောက် တို့ ပေါင်းစားနေတယ်ဆိုတဲ့အကြောင်း
… တွေလာပြောပြကြတယ်။ မသိနားမလည် တဲ့ တောသူတောင်သားတွေကို လည်မျိုညှစ်ပြီး
စီးပွားရှာနေတဲ့ အကျင့်ပျက်လူယုတ်မာတွေရဲ့ ရန်က တော်တော်မသေးပါလားလို့
ကိုယ်တွေးမိပြီး … ဥပဒေဘောင်ထဲကနေ ဘယ်လိုဘယ်လိုမျိုးတွေ လုပ်သင့်တယ်ဆိုတဲ့ အကြောင်း
အကြံပေးလိုက်ပြီး ၊ ကိုယ်ကိုယ်တိုင်းလဲ ဒီလိုမျိုးကိစ္စတွေ ပပျောက်သွားအောင်
တတ်နိုင်သလောက် ကြိုးစားပေးမယ့် အကြောင်း ကတိပေးလိုက်တယ်။ တောသူတောင်သားတွေရဲ့
ရိုးသားမှု၊ အသိအမြင် နည်းပါးမှုကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးစီးပွားအတွက်
ရသလောက်ချူယူနေတဲ့ တောကြောင်တွေ လက်ခမောင်းဆက်မခတ်နိုင်အောင် ကိုယ်တို့အားလုံး
တာဝန်သိသိနဲ့ ကြိုးစားကြဖို့ အရေးတကြီး လိုအပ်နေပြီ ဆိုတာ အသေအချာပဲ။
မီဒီယာတွေကိုလည်း … မြို့ကြီးပြကြီးတွေနဲ့ နာမည်ကြီးတွေ နောက်ကိုချည်း
လျှောက်လိုက်မနေပဲ နယ်ဝေးဒေသတွေအထိ ခြေဆန့်ကြရင် သိပ်ကောင်းမှာပဲလို့လဲ တွေးမိတယ်။
မြို့ကြီးပြကြီးနဲ့ ဝေးလံခေါင်သီတဲ့ တောရွာကျေးလက်က ပြည်သူတွေရဲ့ ရင်ထဲမှာ
မကျက်သေးတဲ့ အနာရွတ်တွေပေါ် ဒဏ်ရာတွေ ထပ်ထပ်ပြီးရနေတုန်းပဲ … ပြီးတော့ … သူတို့မှာ
ပြောချင်နေကြတဲ့စကားတွေများစွာကို နှုတ်ခမ်းကိုက်ပြီး မြိုသိပ်ထားရတဲ့ မချိမဆန့်
ရင်ဘတ်တွေလဲ ရှိကြသေးတယ်။ ပြည်သူ့အသံကို တကယ်ဖော်ထုတ်ချင်တယ်ဆိုရင် … သူတို့တွေကို
ကိုယ်တို့ ဘယ်လိုချန်ထားခဲ့လို့ဖြစ်မှာလဲ ။
အတက်နေ့
နေ့လည်စာဆွမ်းစားပြီးတော့ လူထွက်ဖို့အတွက်ကျောင်းထိုင်ဘုန်းဘုန်းက သိက္ခာချပေးတယ်။
ဘုန်းကြီးအဖြစ်ကနေ ကိုရင်၊ ကိုရင်အဖြစ်ကနေမှ သာမာန်လူ ဆိုတဲ့အဆင့်နှစ်ဆင့်ကို
ဆရာတော်တိုင်ပေးတာတွေလိုက်ဆိုပြီးမှပဲ သာမာန်လူပြန်ဖြစ်တယ်။
ရဟန်းသံဃာဖြစ်ဖို့မလွယ်သလို၊ လူပြန်ထွက်ရတာလဲ လွယ်လွယ်နဲ့မပြီးဘူးလို့
ဆရာတော်ကပြောတယ်။ ရဟန်းတော်တွေကို သင်္ဃန်းဆွဲချွတ်လိုက်ရုံနဲ့
သိက္ခာကျမသွားဘူးဆိုတာကို ဆရာတော်က သေသေချာချာရှင်းပြတယ်။ လူထွက်ပြီးပြီးချင်းပဲ ၁၉
ဂျူလိုင်မှာ ကျဆုံး သွားတဲ့ အာဇာနည်တွေထဲက တစ်ဦးဖြစ်တဲ့မန်းဘခိုင်ရဲ့
အမျိုးတွေရှိရာ ယုန်တလင်းကျေးရွာလေးကို ကိုယ်တို့တွေထွက်ခဲ့ကြတယ်။
ငါးသိုင်းချောင်းသူနဲ့ညားပြီး ရွာမရောက်တာကြာပြီဖြစ်တဲ့ အိုင်သပြုသား
ကိုပေါက်ကြီးက သူ့ကားနဲ့လိုက်ပို့ပေးလို့ ကိုယ်တို့တွေ ချောချောမောမောနဲ့
ယုန်တလင်းကိုရောက်သွားကြတယ်။ ယုန်တလင်းက အိုင်သပြုနဲ့ဆို ၁၀မိုင်လောက်ဝေးတယ်။
ဗိုလ်ချုပ်အောင်ဆန်းကို ဟင်္သာတမှာ ဆုတော်ငွေ ငါးကျပ်ထုတ်တဲ့ကာလ … ဒေါ်မေရီလှတောက
ဗိုလ်ချုပ်ကိုခေါ်လာပြီး ဗိုလ်ချုပ်ကိုရန်ကုန်ပြန်ပို့ပေးဖို့
ကရင်လူမျိုးမန်းဘခိုင်ကို အကူအညီ တောင်းတယ်။
Wednesday, April 18, 2012
သင်္ကြန်ခရီးစဉ် ...
၁၁.၀၄.၂၀၁၂ မနက်
၅နာရီထွက်မယ်လို့ ချိန်းထားကြပေမယ့် ထုံးစံအတိုင်း ကိုယ်တို့တွေ ၆နာရီကျော်မှ
ထွက်ဖြစ်ကြတယ် …။ အဖွား၊ အဖေ၊အမေ၊ဦးလေး၊ အဒေါ်တွေနဲ့ စုစုပေါင်း ကိုယ်တို့ ၁၁
ယောက်ပေါ့။ ကားပေါ်မှာ အလှူအတွက် ပစ္စည်းတွေပါတယ်ဆိုပေမယ့် ကိုယ်တို့တွေ
ချောင်ချောင်ချိချိပါပဲ။ လှိုင်သာယာကားဂိတ်အနားရောက်ခါနီးမှာ သင်္ကြန်တွင်း
ရန်ကုန်ကနေ နယ်ပြန်ကြတဲ့သူတွေများတာကြောင့် ကားတွေပိတ်နေလိုက်တာ
နာရီဝက်နီးပါးလောက်ကြာသွားတယ် …။ နယ်တွေကနေ ရန်ကုန်တက်လာကြပြီး
အလုပ်လုပ်နေကြသူတွေများနေခြင်းဟာ … အကြောင်းပြချက်အမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်
ဆိုပေမယ့် ကိုယ်ကတော့ ဒါဟာ တိုးတက်မှု မညီမျှခြင်းရဲ့ ပြယုဂ်တစ်ခုပဲလို့ မြင်မိတယ်။
သင်္ကြန်တွင်း ခရီးထွက်ကြ သူတွေများ တာကြောင့်လဲ ကားဂိတ်မှာ ကားတွေကျပ်နေတာ
ဖြစ်နိုင်ပါတယ်။ သင်္ကြန်ကျဖို့ တစ်ရက်လိုသေး တယ်ဆိုပေမယ့် … လမ်းမှာ အချို့သူတွေက
ရေပက်ချင်စိတ်တွေ ထိမ်းမရသိမ်းမရပေါ်နေကြပြီထင်ပါရဲ့ … ရေသန့်ဗူးထဲကရေတွေနဲ့
ကားကိုလှမ်းလှမ်းပက်ကြသေးတယ်။ ဗိုလ်မြတ်ထွန်းတံတားကိုဖြတ် အပြီး
ပြည်ကြီးတံခွန်မှာ အစာပြေ၀င်စားတော့ အချိန်က ၈နာရီထိုးလုနေပြီ …
ငါးသိုင်းချောင်းကို ၁၀နာရီခွဲလောက်ရောက်ပြီး ရွာကို ဖုန်းဆင်းအဆက်မှာ
အသိတစ်ယောက်နဲ့တွေ့တာနဲ့ သူကအအေးဗူးတွေ ၀ယ်တိုက်လိုက်သေးတယ်။ ပြီးတော့ နောက်ထပ်
နာရီဝက်လောက် ထပ်မောင်းအပြီး ၁၁ နာရီထိုးခါနီးမှာပဲ … ကိုယ်တို့ရဲ့
ဦးတည်ရာရွာလေးဖြစ်တဲ့ အိုင်သပြုရွာကို ရောက်သွားတယ်။ ငါးသိုင်းချောင်းကနေ
အိုင်သပြုကို ၀င်တဲ့လမ်းက ဖုန်ထူတော့ ကိုယ်တို့တွေ အားလုံး ဖုန်တွေနဲ့ ဖွေးနေတော့တာပေါ့။
အိုင်သပြုအနီးအနားရွာတွေက
တွေ့ချင်လို့ဆိုပြီးရောက်နေကြတဲ့ ဧည့်သည်တွေနဲ့ အသစ်ဆောက် ထားတဲ့
ဆွမ်းလောင်းရုံလေးမှာ ခဏတဖြုတ်စုပြီး စကားပြောဖြစ်တယ် …။ တက္ကသိုလ်ကျောင်းက
ဆရာမတွေက သူတို့ကျောင်းက ကျောင်းသားတွေ ကျောင်းသားသမဂ္ဂဖွဲ့တဲ့ ကိစ္စကို ပညာရေးမှူးက
ခွင့်မပြုတဲ့အကြောင်းပြောကြတယ် …။ ဒါဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေက
ခွင့်ပြုထားပြီးသား အခွင့်အရေးဖြစ်ပြီး … ဒါကို တားမြစ်သူဟာ ဖွဲ့စည်းပုံကို
ဆန့်ကျင်တာပဲ လို့ ပြောပြလိုက်တယ်။ ဒီမိုကရေစီအလေ့အထကို နားမလည်သေးကြတဲ့သူတွေရဲ့
အာဏာရှင်ဆန်တဲ့ လုပ်ရပ်တွေ ရှိနေသေးသရွေ့တော့ ကိုယ်တို့တိုင်းပြည်ဟာ
အမှန်တကယ်ဒီမိုကရေစီရပါပြီလို့ ရဲရဲဝံ့ဝံ့ ကြုံးဝါးနိုင်ကြဦးမှာ မဟုတ်ဘူး။ ဒီလိုမျိုးသူတွေရဲ့
မသိနားမလည်မှုကို လည်စင်းမခံကြရဖို့လဲ ကိုယ်တို့လိုပြည်သူတွေဘက်က
ဒီမိုကရေစီစနစ်တစ်ခုကနေ ကိုယ့်ကိုပေးထားတဲ့ ကိုယ့်ရဲ့ အခွင့်အရေးတွေက ဘာလဲ၊
ကိုယ့်ရဲ့တာဝန်တွေကရောဘာတွေလဲဆိုတာကို သိအောင် ကြိုးစားကြသင့်တယ် နောက်ပြီး
ကိုယ့်အခွင့်အရေးကို မရရင် ရအောင်တောင်းယူတတ်ဖို့နဲ့ ကိုယ့်ရဲ့ တာဝန်ကို
ကျေကျေပွန်ပွန်ဆောင်ရွက်ကြဖို့ လဲ အရေးကြီးသေးတယ်လို့ ပြောဖြစ် တယ်။
Friday, April 6, 2012
ပွင့်ရဲတဲ့ပန်း
မကြာမီ
ပန်းပွင့်ချိန်ရောက်တော့မယ်…အခုတောင် အရောင်အသွေးစုံလင်တဲ့ အဖူးအငုံလေးတွေ စီရရီနဲ့
နေရောင်အောက်မှာ ပန်းခင်းကြီးက ယိမ်းနွဲ့လှပလို့…..။တိုးတိုးလွှ လွှ တိုက်ခတ် လာတဲ့
လေညင်းဖွဖွကလည်း ရနံ့အပိုင်းအစလေးတွေကိုသယ်ဆောင်ရင်း…. ပန်းတွေ ပွင့်တော့မယ်ဆိုတဲ့
သတင်းကို ….ပန်းဥယျဉ်မှူးကြီး ဆီသယ်ဆောင်သွားတယ်….။ အဲဒီ
လိုနဲ့….တစ်ရက်…နှစ်ရက်….သုံးရက်…. ရေလောင်း၊ပေါင်းသင်၊ ပိုးရှင်း…….။သူ့ဘက်ကတာဝန်
တွေ မလစ်ဟင်းပါပဲနဲ့ဘာကြောင့်များ ဒီပန်းတွေ အခုထိ အဖူးအငုံဘ၀က မတက်ကြတာပါ
လိမ့်?။ ဥယာဉ်မှူးနဲနဲစိတ်ညစ်လာတယ်။တစ်ခုခုတော့လွဲနေပြီလို့ပဲ စိတ်ထဲကနေ
မ၀ံမရဲ ထင်နေမိတယ်။ သူထင်သလိုပါပဲ…..ပန်းခင်းကြီးထဲမှာလဲ တစ်ခုတည်း ကပ်လွဲပြီး
မပွင့်နိုင်ပဲ ဖြစ်နေကြ တယ်။ အနီရောင်အဆင်းကို ဆောင်ထားတဲ့ နှင်းဆီနီရဲ့
စကားတစ်ခွန်းကနေစတဲ့ ပြ ဿနာပေါ့….။
“နှင်းဆီနီနီကို ဥယျာဉ်မှူးရဲ့ကောင်မလေးကအရမ်းကြိုက်တာကွ…..ဒီအပင်ကပွင့် သမျှပန်းတိုင်း အရင်ဆုံးအခူးခံရပြီး…အဲဒီကောင်မလေးရဲ့ကေသာကို အမြန်ဆုံးရောက်သွားရ တာ ချည်းပဲ…..လူတစ်ယောက်ရဲ့ ဆံပင်ပေါ်တင်ပြီး သွားလေရာကိုပါနေရတော့…..ပန်း သက်မရှည်ရှာ ဘူးပေါ့ကွာ….အဲဒါကြောင့် ငါလဲပွင့်လိုက်ဖို့အရေးတွေးကြောက်နေမိတယ်….. သူငယ်ချင်းတို့ရေ…..”
နှင်းဆီနီရဲ့စကားကိုကြားတော့…အရင်ကဘာမှမစဉ်းစားမိကြတဲ့ပန်းတွေအားလုံးလဲ တွေဝေမှိုင်ငေးသွားကြပြီး….သူတို့အပင်မှာပွင့်ခဲ့တဲ့ အတိတ်ကပန်းတွေ အကြောင်းကို ကိုယ်စီ ကိုယ်စီပြန်တွေးမိကြတယ်။ကိုယ့်အတွေးနဲ့ကိုယ်…..။ သူတို့တွေ တိုးတိုးလေးစီးမျောနေကြ တုန်းမှာ အ၀ါရောင်နှင်းဆီဖူးတွေများစွာထဲက တစ်ဖူးက သူ့မှတ်ဥာဏ် ထဲက စကားတစ်စကို ထုတ်ပြောပြတယ်…။
“မနေ့တုန်းက ဟိုဘက်ခြံထဲက အဘွားကြီး ဥယျာဉ်မှုးကြီးဆီကို မနက် အစောကြီး ရောက်ချလာတယ်။ပြီးတော့ အ၀ါရောင်နှင်းဆီတွေကို ဘယ်သူ့ကိုမှမရောင်းနဲ့လို့ …..ပွင့်ပွင့်ချင်း အကုန်လုံးသူယူမယ်လို့ပြောတာ…..ငါသေသေချာချာကြီးကို ကြားလိုက်ရ တယ်ကွ”
Saturday, March 31, 2012
http://goldenmyanmarparadise.ning.com/ ရွှေမြန်မာဥယျာဉ် ဆိုဒ်လေးမှာ ဖော်ပြထားတဲ့ အင်တာဗျူးလေးပါ ...
အကိုရေ မင်္ဂလာပါရှင်..........ခိုင်လေးတို့ ရွှေမြန်မာဥယျာဉ်
မိသားစုဆိုဒ်လေးအတွက် အကိုကို အင်တာဗျူးလေး လုပ်ချင်လို့ပါ။
ကျွန်တော့်အမည်ရင်းက နေမျိုးကျော်ပါ။
ရန်ကုန်ဇာတိပါပဲ။ အခုလောလောဆယ်တော့ အိုင်စီတီကို စိတ်ဝင်စားတဲ့သူငယ်ချင်းတွေနဲ့အတူ
MIDO (Myanmar ICT Development Organization) ဆိုတဲ့ အဖွဲ့လေးတစ်ခုဖွဲ့ပြီး
မြန်မာနိုင်ငံတစ်ဝှမ်းမှာ အိုင်စီတီနည်းပညာပြန့်ပွားရေး အတွက်
ကြိုးစားဆောင်ရွက်နေပါတယ်။ www.nayphonelatt.com
ဘလော့ဂ်ပေါ်မှာနဲ့ Facebook (Nay P Latt) ပေါ်မှာ စာတွေရေးနေသလို ၊
နောက်ပိုင်းမှာ Press Media တွေဖြစ်တဲ့ မဂဇင်းတွေ ဂျာနယ်တွေပေါ်မှာလဲ
စာတွေရေးဖြစ်အောင်ကြိုးစားသွားမှာပါ။ ရေးခဲ့ဖူးတဲ့ ၀တ္ထုတိုတွေ၊ ဆောင်းပါးတွေ၊
အက်ဆေးတွေ၊ ကဗျာတွေကို စာအုပ်ထုတ်သွားဖို့လဲရှိပါတယ်။
2. အကို ရေးတဲ့ စာတွေ က
လူငယ်တွေ အတွက် တခုခု အမြဲကျန်နေစေပါတယ်အကို။ လူငယ်တွေအတွက်ကို အင်ဖော်မေးရှင်းတွေ
ဘယ်လိုများပေးနေသလဲ ဆိုတာလဲ သိပါရစေ။
အခုလိုကြားရတဲ့အတွက် ၀မ်းသာပါတယ်။
ကျွန်တော်သိထားတာလေးတွေ၊ ကျွန်တော်ခံစား မိတာလေးတွေကို မျှဝေတဲ့သဘောနဲ့
ကျွန်တော်စာရေးတာပါ။ နည်းပညာခေတ်မှာ Sharing မျှဝေခြင်းရဲ့ အခန်းကဏ္ဍဟာ
အများကြီးအရေးပါတယ်လို့ယူဆပါတယ်။ ဒါကြောင့်လဲ … ကိုယ်ကိုယ်တိုင်လဲ
သင်ယူလေ့လာရင်း၊ သူများတွေကိုလဲ ကိုယ်သိတာ၊ တတ်တာတွေ ပြန်လည်မျှဝေဖို့
ကြိုးစားရင်းနဲ့ ဘ၀ကိုရှင်သန်နေထိုင်နေပါတယ်။ လူငယ်တွေကို
တစ်ခုခုပြောနိုင်ဖို့ကတော့ မီဒီယာမျိုးစုံကို တတ်နိုင်သလောက်သုံးပါတယ်။
ကျွန်တော့်မှာ ပြောစရာတွေအများကြီးရှိပါတယ် … အဲဒါတွေကို စာနဲ့ရေးပြီးတော့ဖြစ်စေ၊
စကားလုံးနဲ့ပြောပြီးဖြစ်စေ၊ အနုပညာတစ်ခုခုဖန်တီးပြီးဖြစ်စေ ကျွန်တော်ပြောပါတယ်၊
ပြပါတယ်။ မီဒီယာတွေရဲ့ အကူအညီကလဲ ကျွန်တော်တို့ ပြောချင်၊ ပြချင်တာတွေကို
ပြောနိုင်၊ ပြနိုင်ခွင့်ရဖို့အတွက် အလွန်ကိုပဲအရေးကြီးပါတယ်။
Monday, March 26, 2012
MIDO (Myanmar ICT Development Organization) ရဲ့ ဒုတိယခြေလှမ်းအဖြစ်နဲ့ ကရင်ပြည်နယ် ၊ ဘားအံမြို့မှာ စာသွားသင်ခဲ့စဉ်က
ခခရီးစဉ်အတွင်း ကြုံခဲ့၊ တွေ့ခဲ့၊ စဉ်းစားမိခဲ့၊ ခံစားမိခဲ့သမျှတွေကို ပြန်မျှဝေထားတဲ့ အက်ဆေးလေးကိုတော့ နောက်မှ တင်ပေးပါဦးမယ်။
Sunday, March 18, 2012
ကျွန်တော့်ခန္ဓာနဲ့ အခြားလူ
The Ladies အိမ်ရှင်မဂျာနယ်မှာ ဖော်ပြခံခဲ့ရတဲ့ ၀တ္ထုတိုလေးပါ။
နိုင်ငံတကာရုပ်သံလိုင်းတွေများစွာထဲမှာ
ယုံချင်ယုံ မယုံချင်နေ (Believe it or not) ဆိုတဲ့ ချန်နယ်တစ်ခု ရှိတယ်။ ကြည့်ဖူးတဲ့သူတွေကတော့
သိကြပါလိမ့်မယ်…။ အဲဒီချန်နယ်မှာ ယုံဖို့ခက်တဲ့ တကယ့် အဖြစ်အပျက်လေးတွေ အကြောင်း ရိုက်ပြတတ်တယ်ဆိုတာကိုလေ…။
အခုလို စကားဦးသန်းနေရတာကလဲ အကြောင်းရှိပါတယ်…။ ကျွန်တော့်မှာ ခင်ဗျားတို့အားလုံုး
ပြောပြချင်တဲ့ ကိုယ်တွေ့အဖြစ်အပျက်တစ်ခု ရှိတယ်…။ ပြီးတော့ ကျွန်တော်က ပြောပြတဲ့အခါမှာလဲ
ခင်ဗျားတို့ ယုံကြည်ဖို့ ခက်နေလိမ့်မယ်…။ အဲဒါကြောင့် ကျွန်တော်ရေးပြတာတွေကို ဆက်ဖတ်တဲ့အခါ
အထက်မှာ ကျွန်တော် စကားဦးသန်းခဲ့သလိုပဲ ယုံချင်ယုံ မယုံချင်နေဆိုတဲ့ တီဗွီချန်နယ်လေးကို
ရုပ်လဲမမြင် အသံလဲ မကြားဘဲ စကားလုံးတွေကို ဖတ်ရှုပြီး ခံစားနေရတယ်လို့ သဘောထားပေးဖို့ပါ…။
ပြီးရင် အဲဒီရုပ်သံလိုင်းရဲ့ အမည်လေးအတိုင်း ယုံချင်လဲ ယုံလိုက်… မယုံချင်လဲ နေလိုက်ပေါ့ဗျာ…။
ပြောရရင်တော့ အိပ်မက်တစ်ခုကနေ စ,ရမှာပဲ…။
အိပ်နေတုန်း မြင်မက်လို့သာ အိပ်မက်လို့ ခေါ်လိုက်ရတာ…။ တကယ်တမ်း အဲဒီညက ကြုံလိုက်ရတဲ့
မြင်မက်မှုရဲ့ ပြတ်သားထင်ရှားနေပုံမျိုးက တကယ်အပြင်မှာ ဖြစ်နေခြင်းနဲ့ ဘာမှမခြားသလိုပဲ…။
အဲဒီညတုန်းကတော့ အဲဒီအိပ်မက်ဟာ အိပ်စက်ခြင်း နယ်နိမိတ်ထဲကနေ ရှင်သန်နိုးထခြင်း နယ်ပယ်ထဲအထိ
ကူးစပ်နွယ်ယှက်လာလိမ့်မယ်လို့ ကျွန်တော် ဘယ်ထင်ခဲ့မှာလဲဗျာ….။ အိပ်မက်ဆိုတာက အိပ်မက်ပဲ
မဟုတ်လား…။ ထားပါ… ။ အိပ်မက်အကြောင်းကို ဆက်ရရင် ကျွန်တော်တစ်ယောက်တည်း ရှိနေတယ်ဆိုတာ
သေချာလွန်းမက သေချာတဲ့ အခန်းလေးထဲမှာ သူ့ကို တွေ့လိုက်ရတယ်။ သူဟာ လူတစ်ယောက်ပဲ…။ ဒီအခန်းလေးထဲမှာ
ကျွန်တော်တစ်ယောက်တည်း ရှိနေတယ်ဆိုတဲ့ အမှန်တရားဟာ ဘယ်လောက်ပဲ သေချာခဲ့ပါတယ်ပြောပြော…
အဲဒီအခန်းလေးထဲကို အခြားသူတစ်ယောက်ယောက်က အချိန်မရွေး ရောက်လာနိုင်ပြီး အဲဒီသေချာမှုကို
ဖျက်ဆီးပစ်လိုက်နိုင်တာပဲ…။ ဟုတ်တယ်… အဲဒါကို ကျွန်တော် လက်ခံတယ်။ အဲဒီလိုမျိုး ဖြစ်နိုင်ချေကိုလဲ
ကျွန်တော် မျှော်လင့်ထားပြီးသားပါ…။ ဒါပေမယ့်… အခုဟာက…။ ကျွန်တော် တွေ့လိုက်ရတဲ့သူက
အခြားသူမဟုတ်ဘဲ ကျွန်တော်ကိုယ်တိုင် ဖြစ်နေတာပဲ…။ ဒီနေရာမှာ နည်းနည်းထပ်ရှင်းဖို့ လိုလိမ့်မယ်ထင်တယ်။
ကျွန်တော်နေရတဲ့ အခန်းလေးထဲမှာ မှန်မရှိဘူး…။ အဲဒီတော့ ကျွန်တော့်ကို ကျွန်တော် မှန်ရဲ့အကူအညီနဲ့
ပြန်မြင်ခွင့်မရှိဘူး။ ဒါပေမယ့် အခု ကျွန်တော်က ကျွန်တော့်ကို ပြန်တွေ့နေရတယ်ဆိုတော့…
ဒါ… မဖြစ်နိုင်ဘူး…။ တကယ်တမ်းကျတော့ သူက သူ၊ ကျွန်တော်က ကျွန်တော်ပဲ…။ ကျွန်တော်ကိုယ်တိုင်ရဲ့
အရှိတရားက သူဟာ ကျွန်တော်မဟုတ်ဘူးဆိုတဲ့ အဖြေပဲ…။ အဲဒီတော့ ခုနကပြောခဲ့တဲ့ စကားကို
ပြန်ပြင်ပြောရရင် ကျွန်တော်တွေ့လိုက်ရတဲ့သူက အခြားသူမဟုတ်ဘဲ ကျွန်တော့်မျက်နှာနဲ့လူ
ဖြစ်နေတယ်ဆိုရင် ပိုမှန်လိမ့်မယ်…။ အဲဒီလို တွေ့လိုက်တဲ့အခါ ကျွန်တော်က စ,ပြီး သူ့ကို
ပြုံးပြလိုက်သလား… သူကပဲ စ,ပြုံးပြတာလား… ဒါမှမဟုတ် နှစ်ယောက်စလုံး ပြိုင်တူပြုံးပြမိကြသလား
ဆိုတာကို ပြောရခက်ပေမယ့် သေချာတာကတော့ တစ်ယောက်ကို တစ်ယောက် ပြုံးပြ နှုတ်ဆက်ဖြစ်ကြတယ်ပေါ့…။
ပြီးမှ ကျွန်တော်က တအံ့တသြနဲ့ စ,မေးလိုက်တယ်။
“ခင်ဗျားက ဘယ်သူလဲ…”
“ငါက ညီလတ်လေ…”
“ကျုပ်က ညီလတ်ပဲ… ခင်ဗျားက ဘယ်လိုလုပ်ပြီး
ညီလတ်ဖြစ်နိုင်မှာလဲ…”
“အဲဒါကတော့ မင်းရဲ့ ထင်မြင်ယူဆချက်ပဲလေ…
ဒါပေမယ့် ငါရှိနေတာကလဲ အသေအချာပဲ မဟုတ်လား…”
သူက ကျွန်တော့်မျက်နှာကို ယူတပ်ထားရုံမကဘူး…
ကျွန်တော့်ရဲ့ နာမည်ကိုပါ သူ့ကိုယ်ပိုင်အဖြစ် ယူမှည့်ထားလိုက်သေးတယ်…။ ကျွန်တော့်မျက်နှာနဲ့
ကျွန်တော့်နာမည်ကို ပိုင်ရုံနဲ့တော့ သူ့ကို ကျွန်တော် နောက်တစ်ယောက် ဖြစ်ခွင့်မပေးနိုင်သေးပါဘူးလို့
တွေးပြီး ကျွန်တော် ထပ်မေးလိုက်တယ်။
“ညီလတ်ရဲ့ ညာဘက်လက်သူကြွယ် အရင်းနားမှာ
မှဲ့တစ်လုံး ရှိတယ်… ခင်ဗျားမှာ ရှိလို့လား…”
သူက ကျွန်တော့်ကို ညဘက်လက်သူကြွယ်
ထောင်ပြတယ်…။ သူ ထောင်ပြတဲ့ လက်သူကြွယ်ရဲ့ အရင်းမှာ မှဲ့နက်လေးတစ်လုံး…။
“ညီလတ်ရဲ့ ပခုံးမှာ ဆိုင်ကယ်မှောက်တုန်းက
ရခဲ့တဲ့ ဒဏ်ရာရဲ့ အမာရွတ်တစ်ခု ရှိတယ်…”
သူက အင်္ကျီကို ချွတ်ပြီး ကိုယ်ကို တစ်စောင်းလှည့်ပြတယ်…။
သူ့မှာလဲ အမာရွတ်ရှိတယ်။ စိတ်ကသိကအောင့် ဖြစ်မှုရဲ့ အတိုင်းအဆ ပမာဏက တဖြေးဖြေး ကြီး
ကြီးလာတယ်…။
“ညီလတ်ရဲ့ ညာဘက်ခြေသလုံး အနောက်ဘက်မှာ
အမှတ်တစ်ခု ရှိသေးတယ်…”
သူက ဂျင်းဘောင်းဘီကို ခေါက်တင်လိုက်ပြီး
ခြေထောက်ကို မြှောက်ပြပြန်တယ်။ ဒီကောင်ဟာ… ဘာကောင်လဲ….။ ကျွန်တော့်မျက်နှာ၊ ကျွန်တော့်နာမည်ပါ
မကဘူး…။ ကျွန်တော့်ခန္ဓာကိုယ်ကြီး တစ်ခုလုံးကို ပုံတူကူးယူထားတာပဲ…။
“ငါလဲ ညီလတ်… မင်းလဲ ညီလတ်… လောကကြီးမှာ
ညီလတ်နှစ်ယောက် ရှိနေတော့ရော ဘာဖြစ်သေးလို့လဲကွာ…. မင်းလဲ မင်းစိတ်ကြိုက် မင်းနေ… ငါလဲ
ငါ့စိတ်ကြိုက် ငါနေမှာပေါ့…”
အဲဒါတော့ လုံးဝ မဖြစ်နိုင်ဘူး…။ သူ
ဘာတွေကို ကြိုက်တတ်တယ် ဆိုတာကို ကျွန်တော် မသိဘူး။ သူက ကျွန်တော်အဖြစ်နဲ့ သူ့စိတ်ကြိုက်တွေ
လျှောက်လုပ်တဲ့အခါ သူရော ကျွန်တော်ပါ ဘယ်သူလုပ်သလဲ ဆိုတာကို သိနေပေမယ့် အခြားသူတွေကတော့
ဘယ်သိနိုင်မှာလဲ…။ တကယ်တမ်းက သူက သူ၊ ကျွန်တော်က ကျွန်တော် ဆိုပေမယ့် လူတွေရဲ့ အမြင်မှာက
သူကလဲ ကျွန်တော်၊ ကျွန်တော်ကလဲ ကျွန်တော်ပဲ ဖြစ်နေမှာ…။
“မဖြစ်ဘူး… လုံးဝ မဖြစ်နိုင်ဘူး… ညီလတ်နှစ်ယောက်
ရှိနေလို့လဲ မဖြစ်ဘူး… ခင်ဗျားက ကျုပ်ခန္ဓာကိုယ်နဲ့ လုပ်ချင်တာတွေ လျှောက်လုပ်နေလို့လဲ
မရဘူး… ဟေ့လူ… နေဦးလေ… ကျုပ်စကား မဆုံးသေးဘူးဗျ… နေဦး…”
အိပ်မက်က အဲဒီမှာ ဆုံးတယ်…။ ဒါပေမယ့်
အဖြစ်အပျက်ကတော့ မဆုံးသေးဘူး။ သူက… ခပ်ရှင်းရှင်း ပြောရရင် ကျွန်တော့်ခန္ဓာနဲ့သူက အိပ်မက်ရဲ့
နယ်နိမိတ်စည်းကို သူ့သဘောနဲ့သူ ကျော်ခွပြီး ကျွန်တော့်ရဲ့ လက်တွေ့ဘ၀ထဲ အသေအချာကို ရောက်ချလာတော့တယ်…။
“ညီလတ်ရယ်… နင် အဲဒီလိုတော့ မလုပ်သင့်ပါဘူး…
ပြေပြေလည်လည်ပြောရင် ရရဲ့သားနဲ့… အခုတော့…”
“ကြော့… နင် ဘာတွေပြောနေတာလဲ… ငါ နားမလည်ဘူး…”
“သွားစမ်းပါဟာ… အခုမှလာပြီး မသိချင်ယောင်
ဆောင်မနေစမ်းပါနဲ့… နွေးမို့လို့ပေါ့… တခြားသူသာဆို ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ အခုလောက်ဆို
နင် အချုပ်ထဲ ရောက်နေလောက်ပြီ…”
“ဘာ…”
* * * * * * * *
“ကိုညီလတ်… ကျွန်တော်တို့နဲ့ စခန်းခဏလောက်
လိုက်ခဲ့ပါ…”
“ဗျာ… ဘယ်လိုဖြစ်လို့လဲဗျ”
“မနေ့က ခင်ဗျားရိုက်လိုက်လို့ ခေါင်းကွဲသွားတဲ့လူရဲ့
မိဘတွေက တိုင်ချက်ဖွင့်ထားလို့ပါ…”
“ဟာ… မဟုတ်ဘူး… ကျွန်တော် ရှင်းပြပါရစေဦး…”
“စခန်းရောက်မှ ရှင်းပါ…”
* * * * * * * *
“မင်းဘယ်သူလဲ…
ငါ့ခုတင်ပေါ် ဘယ်လိုလုပ်ရောက်နေတာလဲ…”
“အောင်မယ်…
သူပဲ ခေါ်တုန်းက ခေါ်ထားပြီးတော့… အခုမှ ဘာဖြစ်နေရတာလဲ…”
“အာ…
မင်းကိုငါ မခေါ်ပါဘူး… ငါ ဒါမျိုးတွေ စိတ်မ၀င်စားဘူး…”
“ရှင်
အူကြောင်ကြောင် မလုပ်နဲ့နော်… ကျွန်မ အော်လိုက်ရင် ရှင် ဘ၀ပျက်သွားမယ်…”
“မအော်ပါနဲ့ကွာ… တောင်းပန်ပါတယ်… ရော့.. ရော့…
ပိုက်ဆံ… မင်းပြန်ပါတော့နော်…”
ပထမတော့
ဘာတွေဖြစ်နေမှန်းကို အသေအချာ မသိဘူး ဖြစ်နေတယ်။ နောက်တော့မှ တဖြေးဖြေးနဲ့ ရိပ်မိလာတယ်…။
ဒါတွေဟာ ဒီကောင့်ကြောင့်ပဲ ဖြစ်ရမယ်လို့…။ အဲဒီလို ရိပ်မိမိလိုက်ချင်းပဲ ကျွန်တော်
သူ့ကို လိုက်ရှာတယ်…။ ခက်တာက အိပ်မက်ထဲမှာလို သူ့ကို အပြင်မှာ မျက်နှာချင်းဆိုင် ဆုံခွင့်မရတာပဲ…။
သူနဲ့ အပြင်မှာ ဆုံဖို့ ကြိုးစားတိုင်း တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ လွဲချော်နေတာချည်းပဲ…။
အဲဒီလိုနဲ့ သူ့ကို ရှာမတွေ့လေလေ… သူ တကယ်ရော ရှိရဲ့လား ဆိုတဲ့ သံသယစိတ်က ၀င်ပြီး နေရာယူလာလေလေ
ဖြစ်လာတယ်။ ကျွန်တော် လုပ်လေ့လုပ်ထ မရှိတဲ့ အလုပ်တွေ၊ ကျွန်တော်လုပ်ဖို့ စိတ်တောင်
မကူးခဲ့တဲ့ အလုပ်တွေကို ဒီကောင် လျှောက် လျှောက်လုပ်လို့ နောက်က လိုက်ရှင်းရတဲ့ ပြဿနာတွေ
တစ်စတစ်စနဲ့ ပွထ များပြားလာတယ်…။ ဒီကောင့်ကို ရှာတွေ့မှ ဖြစ်တော့မယ်…။ နို့မို့ဆို
ဒီပေါက်တက်ကရ အလုပ်တွေကို ကျွန်တော်ကပဲ လိုက်လုပ်နေသလိုလို ပတ်ဝန်းကျင်က မြင်လာရုံတင်မကဘူး…
ကျွန်တော် ကိုယ်တိုင်ကပါ အဲဒီလိုများ ဖြစ်နေသလားလို့ ယုံကြည်မိသွားနိုင်တယ်…။ အဲဒီလို
ဖြစ်သွားလို့ကတော့ သွားပြီ…။ ဘာဖြစ်လို့လဲဆိုတော့ ဒီကောင် လျှောက်လုပ်နေသမျှ လုပ်ရပ်တွေက
ကျွန်တော့်ရဲ့ အသိတရားအရ မလုပ်ရဘူးလို့ ကျွန်တော့်ကိုယ်ကျွန်တော် တားမြစ်ထားတဲ့ အလုပ်တွေချည်းပဲ…။
နောက်ပြီး… အဲဒီလို ကိုယ်ကျင့်တရား ပျက်ယွင်းတယ်လို့ ကျွန်တော်ယူဆထားတဲ့ အလုပ်တွေကို
ဘယ်သူပဲ လုပ်လုပ်… နောက်ဆုံး ကျွန်တော်ကိုယ်တိုင်က လုပ်မိဦးတော့… အဲဒီလို လုပ်မိတဲ့သူကို
ကျွန်တော့်အနေနဲ့ ခွင့်လွှတ်ဖို့ ခဲယဉ်းတာပဲ…။ ဆိုတော့ကာ… ဒီကိစ္စတွေကို ကျွန်တော် မလုပ်ခဲ့ဘူးဆိုတဲ့
အမှန်တရားကို သေချာစေဖို့ ဒီကောင့်ကို ကျွန်တော် တွေ့မှ ဖြစ်တော့မယ်…။
တွေ့ချင်စိတ် ပြင်းပြလွန်းနေလို့ မြင်တွေ့ရတာလို့ပဲ
ဆိုရလိမ့်မယ်… ဒါပေမယ့် သူနဲ့ကျွန်တော်ရဲ့ နောက်ထပ်တစ်ခါ တွေ့ဆုံခြင်းကလဲ အပြင်လောကမှာ
မဟုတ်ဘဲ အရင်ကလို အိပ်မက်တစ်ခုတည်းမှာပဲ ဖြစ်နေတာက ခက်တယ်။ ဘာပဲဖြစ်ဖြစ် တွေ့ပြီဆိုမှတော့
ပြောစရာရှိတာ ပြောပြီး ရှင်းစရာရှိတာကို အပြတ်ရှင်းရတော့မှာပဲလို့ ကျွန်တော် စိတ်ဆုံးဖြတ်လိုက်တယ်။
“ခင်ဗျား ပေါက်ကရတွေ လျှောက်လုပ်နေတာက
အကြောင်းမဟုတ်ဘူး… ခင်ဗျားလုပ်သမျှကို ကျုပ်လုပ်တယ်ထင်ပြီး အခုဆို လူတော်တော်များများက
ကျုပ်ကို ရှောင်ဖယ် ရှောင်ဖယ် လုပ်နေကြပြီဗျ… ခင်ဗျားလုပ်ရပ်တွေကို ရပ်တန်းက ရပ်လိုက်စမ်းပါဗျာ…”
“စိတ်လျှော့ပါဦး ကိုယ့်လူရာ… တကယ်တမ်းကျတော့
မင်းက မင်း၊ ငါက ငါ သီခြားစီ ဖြစ်တည်နေကြတာ ဆိုပေမယ့် မင်းနဲ့ငါ့ကြားမှာ သိပ်ကို သေချာတဲ့
အဆက်အစပ်တစ်ခုတော့ ရှိနေတယ်ကွ… ငါ့သဘောဆန္ဒအရတော့ အခု ငါလုပ်နေတာတွေက ငါကြိုက်လို့ လုပ်နေတာ
ဖြစ်တဲ့အတွက် ပြင်ဖို့၊ ရပ်လိုက်ဖို့ သဘောထား မရှိဘူး… အေး… တစ်ခုတော့ရှိတယ်… မင်းက
မင်းနဲ့ငါ့ကြားမှာ ရှိတဲ့ အဆက်အစပ်ကို တွေ့အောင် ရှာနိုင်ပြီး အဲဒါကို အသုံးချနိုင်ခဲ့မယ်ဆိုရင်တော့
မင်းကိုယ်တိုင်က ငါ့လုပ်ရပ်တွေကို တားနိုင်လာလိမ့်မယ်… အဲဒီလိုမဟုတ်ဘဲ ဒီအတိုင်း ဆက်လွှတ်ထားမယ်ဆိုရင်တော့
ငါ့ရဲ့ မင်းဘ၀အပေါ် လွှမ်းမိုးထားမှုတွေ တဖြည်းဖြည်း စိပ်လာပြီး မင်းကိုယ်တိုင် ပျောက်ဆုံးသွားလိမ့်မယ်…”
ဒီတခါ အိပ်မက်က တိုတယ်… သူ အဲဒီလို
ပြောပြောပြီးချင်းပဲ ကျွန်တော် အိပ်မက်ကနေ ထိတ်လန့်တကြား လန့်နိုးလာခဲ့တယ်…။ ကျွန်တော်ကိုယ်တိုင်
ပျောက်ဆုံးသွားလိမ့်မယ်တဲ့…။ သူပြောခဲ့တဲ့ အဲဒီ နောက်ဆုံးစကားက ကျွန်တော့်နားထဲမှာ
ပဲ့တင်ထပ် မြည်ဟည်းနေတယ်…။ သေချာနားစိုက်ထောင်တော့ အသံက ကျွန်တော့်ရဲ့ အသံပဲ…။ သူနဲ့ကျွန်တော့်ကြားက
အဆက်အစပ် တဲ့…။ အဲဒါကို ကျွန်တော် ဘယ်လိုရှာရမလဲ…။ ပြဿနာတစ်ခုရှင်းလို့ မပြီးသေးခင်မှာပဲ
နောက်ထပ်ပြဿနာတစ်ခုက ထပ်ရောက်လာတယ်…။ သူပြောသွားတယ်… သူကတော့ ရပ်တန့်မှာ မဟုတ်ဘူး တဲ့…။
သူ့ကို ရပ်တန့်ပစ်နိုင်တဲ့ သူက ကျွန်တော်ကိုယ်တိုင်ပဲတဲ့…။ ဒီအတိုင်းသာ ဆက်လွှတ်ထားရင်…..
ဒီအတိုင်းသာ ဆက်လွှတ်ထားခဲ့မယ်ဆိုရင်…..။ ကျွန်တော်ကိုယ်တိုင် ပျောက်ဆုံးသွားရလိမ့်မယ်
တဲ့…။ ကြားနေရပြန်ပြီ… အဲဒီအသံ…။ သူ့အသံ… ကျွန်တော့်အသံ…။ ကျွန်တော်ကိုယ်တိုင်ရဲ့ အသံ…။
ကျွန်တော် ကြံရာမရ ဖြစ်နေတုန်းမှာပဲ…
သူ့ရဲ့လုပ်ရပ်တွေ ထပ်ထပ်ပြီး ပေါ်လာတယ်…။ ကျွန်တော် ဂရုတစိုက် ဆောက်တည်ပျိုးထောင်နေတဲ့
ကျွန်တော့်ရဲ့ ဖြစ်တည်မှုထဲကို သူ စိတ်ရှိတိုင်း လျှောက်လုပ်နေတဲ့ လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေက
တတိတိနဲ့ နေရာယူ လှိုက်စားလာတော့တယ်…။
“ညီလတ်က တော်တယ်နော်… ဒါပေမယ့် အရမ်းမာန်တက်တယ်…
ပြီးတော့ မောက်မာတယ်…”
“သာမန်အချိန်မှာ စကားပြော ချိုသာသလောက်
အရက်ကလေး ၀င်သွားပြီဆို သိပ်သွေးဆိုးတာပဲ… ရိုင်းလဲ သိပ်ရိုင်းတယ်…”
“ဒီကောင်က စိတ်ကောင်းဝင်နေလို့သာ ငြိမ်နေတာ…
စိတ်ဖောက်လာပြီဆိုရင် တွေ့ကရာ မိန်းမ ရှောင်တော့တာ မဟုတ်ဘူး… ညည်း ကြပ်ကြပ် သတိထား…”
“မင်းကိုငါ နားကို မလည်တော့ဘူး ညီလတ်…
မင်းက ကိစ္စတော်တော်များများကို ဆင်ခြင်တွေးဆပြီး လုပ်သလောက် တစ်ခါတစ်ခါကျတော့လဲ မင်းလုပ်ရပ်တွေက
ဆင်ခြင်တုံတရား ကင်းမဲ့လွန်းတယ်ကွာ…”
“သားလတ်…
မင်း စိတ်အလိုလိုက်တာတွေ များလွန်းနေပြီနော်… နည်းနည်းပါးပါးလဲ သတိလေးဘာလေး ထားဦး…”
ပထမတော့
ကျွန်တော် ရှင်းပြဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အဖြစ်အပျက်က ယုံကြည်နိုင်လောက်တဲ့
အနေအထားရဲ့ အခြားတစ်ဖက်မှာ ရောက်နေတယ်ဆိုတာကို သိမြင်လာပြီးတဲ့နောက် ရှင်းပြနေခြင်းအလုပ်ကို
ရပ်တန့်ပစ်လိုက်ပြီး သူ့ကို ရပ်တန့်ပစ်ဖို့ကိုပဲ ဖိပြီး ကြိုးစားနေမိတယ်။ အချိန်ကာလတွေ
ဖြတ်သန်းလွန်မြောက်ခဲ့ခြင်းနဲ့အတူ ကျွန်တော် အခိုင်အမာ သိမြင်လာခဲ့တာတစ်ခုက သူရော ကျွန်တော်ရောဟာ
တစ်ယောက်ကိုတစ်ယောက် အပြီးသတ် ချေမှုန်းပြီး အပြတ်အသတ် အနိုင်ယူလိုက်ဖို့ ဆိုတာဟာ တစ်ဘ၀စာ
ကာလတစ်ခုတည်းနဲ့ မလုံလောက်နိုင်ဘူးဆိုတာပဲ…။ နောက်ပြီး… သူ ပုံတူကူး ရယူထားနိုင်တဲ့
ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကြီးအပေါ်မှာပဲ ကျွန်တော့်ရဲ့ အရှိတရားကို ကျွန်တော်က တည်ဆောက်
ဖန်တီးယူနေမယ်ဆိုရင်… သူက အချိန်မရွေး အဲဒီ ဖြစ်တည်မှု အရှိတရားကို လိုက်လံဖျက်ဆီးပစ်နေဦးမှာ
သေချာတယ်…။ အဲဒီတော့ ကျွန်တော် ဘာလုပ်ရမလဲ…။ အဖြေက… အခုထက်ထိတော့ေ၀၀ါးနေဆဲပဲ…။
သူနဲ့ ကျွန်တော်နဲ့ကြားက အဆက်အစပ်…။
အခုတော့… အဲဒါကို ကျွန်တော် ရှာတွေ့ခဲ့ပြီ ထင်ပါတယ်။ ဒါပေမယ့် အဲဒါကို အသုံးချပြီး
သူ့လုပ်ရပ်တွေကို ရပ်တန့်ပစ်နိုင်ဖို့တော့ ဆက်ကြိုးစားရဦးမယ်…။ အခုထိတော့ ၅၀-၅၀ အဆင့်မှာပဲ
ရှိပါသေးတယ်။ သူက ကျွန်တော့်ဘ၀ကို လုံးလုံးလျားလျား လွှမ်းမိုးသွားပြီး ကျွန်တော် ပျောက်ဆုံးသွားမှာလား…။
ကျွန်တော်က သူ့လုပ်ရပ်တွေကို အပြီးအပိုင် ရပ်တန့်ပစ်လိုက်နိုင်ပြီး ကျွန်တော်လိုလားတဲ့
ဖြစ်တည်မှုပုံစံနဲ့ ကျွန်တော့်ဘ၀ကို ကျွန်တော့်စိတ်တိုင်းကျ ဖန်တီးတည်ဆောက်နိုင်မလား…။
ဒါမှမဟုတ်… သူ့ကို ကျွန်တော် လုံးဝဖယ်ထုတ်ပစ်လို့ မရဘဲ သူဟာ ကျွန်တော့်အတ္တရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့
ကျွန်တော့်ဘ၀ထဲ အမြဲတမ်း ပေါင်းစပ်တည်ရှိနေမှာလား…။ အခုအချိန်အထိတော့ ဘယ်အခြေအနေကမှ
ကျွန်တော့်အတွက် မပြတ်သားသေးဘူး။
ကျွန်တော့်အဖြစ်အပျက်ကတော့ ဒါပါပဲဗျာ…။ ယုံချင်လဲ
ယုံ… မယုံချင်လဲ နေပိုင်ခွင့် ခင်ဗျားတို့အားလုံးမှာ ရှိပါတယ်။ ဒါပေမယ့် သေချာတာကတော့
တစ်နေ့နေ့ပေါ့… ခင်ဗျားတို့တွေလဲ ကျွန်တော့်လိုပဲ ကိုယ့်ခန္ဓာနဲ့ တခြားလူတစ်ယောက် ရှိနေပြီလို့
ယူဆလာရတဲ့ အခါမျိုးတွေမှာ ကျွန်တော် အခုပြောခဲ့တာတွေကို ယုံကြည်လာနိုင်မှာပါ…။ အဲဒီအခါ
ခင်ဗျားတို့နဲ့ ခင်ဗျားတို့ရဲ့ ခန္ဓာနဲ့ တည်ရှိနေတဲ့ အခြားလူတွေရဲ့ကြားက အဆက်အစပ်ကို
ခင်ဗျားတို့ ကိုယ်တိုင်က ရှာဖွေဖို့ လိုအပ်လာပြီဆိုမှ ခင်ဗျားတို့ ကျွန်တော့်ကို ပြန်သတိရလိမ့်မယ်…။
အဲဒီအခါ ကျွန်တော် ရှာဖွေတွေ့ရှိခဲ့တဲ့ သူနဲ့ ကျွန်တော်ရဲ့ကြားက အဆက်အစပ်အကြောင်းကို
ခင်ဗျားတို့ သိချင်တယ်ဆိုရင် ကျွန်တော်က လိုလိုလားလားနဲ့ကို အသေးစိတ် ပြောပြချင်ပါသေးတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က လူတိုင်းကို ဖြစ်တည်မှု ပျောက်ဆုံးနေတဲ့ ဘ၀တစ်ခုနဲ့
ရှင်သန်နေကြရတာမျိုး မဖြစ်စေချင်ဘူးလေ…။
နေဘုန်းလတ်
18.02.2011(Friday)
10:15
Wednesday, March 14, 2012
Happy moment at FFSS (The First Step Of MIDO)
ဒီနေ့(၁၂.၀၃.၂၀၁၂) ကိုယ်တို့ MIDO အဖွဲ့လေးရဲ့
ပထမဆုံး ICT နည်းပညာပြန့်ပွားရေး သင်ကြားမှုအစီအစဉ်လေးတစ်ခု အနေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)
ကဖွင့်ထားတဲ့ တစ်ပတ်တာသင်တန်းလေးမှာ အချိန်နှစ်နာရီယူပြီး လူမှုရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်နိုင်ဖို့အတွက်
ICT (သတင်းနှင့်ဆက်သွယ်ရေးနည်းပညာ) ကို ဘယ်လိုအသုံးပြုနေကြတယ် ... ဘယ်လိုအသုံးပြုသင့်တယ်
ဆိုတာလေးတွေ ဖလှယ်ဆွေးနွေးဖြစ်ခဲ့တယ်။ ကိုယ်တို့ရဲ့ အတန်းချိန်မရောက်ခင်မှာပဲ ... သင်တန်းသား၊
သင်တန်းသူတွေနဲ့ အိုင်စီတီအကြား ဆက်စပ်ပတ်သက်မှု ဘယ်လောက်ရှိသလဲဆိုတာလေးကို သိရဖို့...
form လေးတစ်ခုကို ကြိုဖြည့်ခိုင်းထားခဲ့တာကြောင့် ... သင်တန်းသားတွေရဲ့ အခြေအနေကို
ကိုယ်တို့အချိန်မစမီကတည်းက ကြိုသိနေခွင့်ရခဲ့တယ်။ သူတို့တွေရဲ့ အဖြေတွေကိုဖတ်ရတာ သိပ်ကိုစိတ်ဝင်စားစရာကောင်းတာပဲ။
သင်တန်းမှာ ရှိတဲ့သူ ၃၂ ယောက်အနက် ကွန်ပျူတာနဲ့
အင်တာနက်ကို သုံးဖူးကြတဲ့သူက ၈ယောက်ပဲရှိတာကိုတွေ့ရတယ်။ ပြီးတော့ ... မသုံးဖြစ်ကြတဲ့အကြောင်းရင်းတွေကို
ကြည့်တဲ့အခါ ... အချိန်မရလို့၊ အသက်အရွယ်ကြီးနေလို့၊ ပိုက်ဆံမတတ်နိုင်လို့၊ အလုပ်နဲ့မသက်ဆိုင်လို့စတဲ့
ပုဂိုလ်တစ်ဦးချင်းစီနဲ့ ဆိုင်တာတွေတွေ့ရသလိုပဲ ... အင်တာနက်မရှိလို့၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့၊
မီးမလာလို့ စတဲ့ နည်းပညာဖွံ့ဖြိုးမှုအတွက် မဖြစ်မနေလိုအပ်သော အခြေခံအဆောက်အအုံ
(Infrastructure) တွေမရှိသေးခြင်းဆိုတဲ့ အများနဲ့ပါပတ်သက်နေတဲ့ အကြောင်းရင်းတွေကိုပါ
တွေ့လိုက်ရတယ် ...။ တစ်ဦးချင်းဆိုင်ရာအမြင်တွေနဲ့ပတ်သက်ပြီး ... အချိန်မရဘူးဆိုပေမယ့်လဲ
အရေးကြီးတယ်ဆိုရင် အချိန်ရအောင်ရှာသင့်တဲ့အကြောင်း၊ အင်တာနက်နည်းပညာဟာ ကြီးကြီးငယ်ငယ်
အသက်အရွယ်မရွေး အသုံးချတတ်ရင်တတ်သလို အသုံးဝင်တဲ့အကြောင်း၊ ICT ဟာ ကလေးတွေ အပျော်သက်သက်
အသုံးပြုရတာမျိုးအတွက်ချည်းမဟုတ်ပဲ လူကြီးတွေလဲ သတင်းတွေဖတ်တာမျိုး၊ အခြားစိတ်ဝင်စားတဲ့
အကြောင်းအရာတွေ လေ့လာတာမျိုးတွေပါ လုပ်နိုင်တယ်ဆိုတဲ့အကြောင်း၊ ပိုက်ဆံမတတ်နိုင်ခြင်းကိစ္စကလည်း
နောက်ပိုင်းတွေမှာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းမျိုးလေးတွေ များများပေါ်လာတဲ့အခါ
ICT နည်းပညာတွေကို တတ်ချင်စိတ်ရှိရုံတစ်ခုတည်းနဲ့ အခမဲ့သင်ကြားခွင့်ရနိုင်တဲ့ အခွင့်အရေးတွေ
ရလာနိုင်တဲ့အကြောင်း၊ အလုပ်နဲ့မသက်ဆိုင်ဘူးဆိုတာကလည်း အခုလောလောဆယ် မသက်ဆိုင်ဘူးလို့ထင်နေခြင်းသာဖြစ်ပြီး
... နိုင်ငံခြားတိုင်းပြည်တွေမှာဆို လယ်စိုက်တဲ့လယ်သမားတွေက အစ အင်တာနက်ပေါ်က ဈေးနှုန်းတွေကိုကြည့်ပြီး
ပွဲစားမပါပဲ ကိုယ်တိုင် အရောင်းအ၀ယ်လုပ်နေကြပြီ ဆိုတဲ့အကြောင်းတွေ သိသလောက် ဆွေးနွေးဖြစ်ခဲ့ပါတယ်။
Infrastructure ကိစ္စနဲ့ပတ်သက်လို့ကတော့ အားလုံးဝိုင်းကြိုးစားကြရမှာဖြစ်တဲ့အကြောင်းနဲ့
အခုလောလောဆယ်မှာတော့ ရှိတဲ့အခြေအနေလေးနဲ့ပဲ ဖြစ်သလို လေ့လာသင်ယူဆည်းပူးကြရမှာပဲဖြစ်တယ်လို့
ကိုယ့်ရဲ့အမြင်ကိုပြောပြခဲ့တယ်။ ပြီးတော့ သင်တန်းအတွက် ကိုယ်ပြင်ဆင်ခဲ့တဲ့ Power
Point Slide Show လေးကိုပြပြီး Presentation လေးလုပ်ခဲ့တယ်။ ပန်းသီးကွန်ပျူတာတွေကို
တီထွင်ခဲ့သူတစ်ဦးဖြစ်တဲ့ စတိပ်ဂျော့ ကွယ်လွန်သွားတဲ့ အခါမှာ ဖေ့ဘွတ်လူမှုကွန်ယက် ကိုတည်ထောင်သူလူငယ်လေး
မက်ခ်ဇူကာဘတ် ပြောခဲ့တဲ့စကားလေးကိုလဲ ကြိုက်လွန်းလို့ ကိုယ်ရဲ့ Presentation လေးထဲမှာ
ထည့်ပြခဲ့တယ်။ သူပြောခဲ့တာက “Steve, thank you for being a mentor and a
friend. Thanks for showing that what you build can change the world. I will
miss you.” တဲ့ ။ မြန်မာလိုဆိုရင်တော့
... ဆရာတစ်ယောက်အဖြစ်နဲ့ရော မိတ်ဆွေတစ်ယောက်အဖြစ်နဲ့ပါ ရှိနေပေးခဲ့တဲ့အတွက် ကျေးဇူးပါ။
ကိုယ်ဖန်တီးတည်ဆောက်လိုက်တာတစ်ခုခုက ကမ္ဘာကြီးကိုပြောင်းလဲပစ်လိုက်နိုင်တယ်ဆိုတဲ့ အချက်ကို
မြင်အောင်ပြခဲ့တဲ့အတွက်လဲ ကျေးဇူးတင်ပါတယ် ... စတိဗ်ရေ။ ခင်ဗျားကို ကျနော် လွမ်းနေမှာပါ
... တဲ့။ ဒီလိုအသိမျိုး အတွေးမျိုး ကိုယ်တို့ မြန်မာလူငယ်လေးတွေရဲ့ ရင်ထဲအသဲထဲ မှာလဲ
ရှိသင့်တယ်ဆိုတာလေးကို အားမလိုအားမရနဲ့ပြောခဲ့မိပါသေးတယ်။ ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေးစနစ်
တစ်ခုရဲ့လက်အောက်မှာ ကာလကြာရှည်ငြိမ်ဝတ်ပိပြားခဲ့ကြရတဲ့ ကိုယ်တို့လူမျိုးတွေရဲ့ မျက်လုံးတွေထဲမှာ
သိမ်ငယ်မှုတွေကနေရာယူထားကြပြီး မိမိကိုယ်ကို ယုံကြည်မှုတွေပျောက်ဆုံးနေခဲ့တာ ... မလွှဲမရှောင်သာခဲ့တဲ့
အရှိတရားတစ်ခုပါပဲ။
အဲဒီ့မလိုလားအပ်တဲ့ အရှိတရားတစ်ခုကိုချေဖျက်ပစ်ဖို့
... ကိုယ်တို့အားလုံးရဲ့ နှလုံးသားထဲမှာ we can do it. ငါတို့လုပ်နိုင်တယ်ဆိုတဲ့ အောင်စိတ်လေးကို
ပျိုးထောင်မွေးမြူထားကြဖို့ အရေးတကြီးလိုအပ်တယ်လို့လဲ ကိုယ်မြင်တယ်။ ဒါကြောင့်လဲ ကိုယ်တို့အဖွဲ့လေးရဲ့
ဆောင်ပုဒ်လေးကို လူငယ်တွေရဲ့နှလုံးသားထဲ အောင်စိတ်တွေပေါက်ဖွားလာစေဖို့ အားပေးတဲ့အနေနဲ့
You can do IT. လို့ပေးခဲ့တာပေါ့။ IT ဆိုတဲ့စကားလုံးကို Information Technology (သတင်းနည်းပညာ)
လို့လဲ မြင်လို့ရတယ်လေ။ ကိုယ့်ရဲ့ Presentation လေးအပြီးမှာ ရှိတဲ့သင်တန်းသား ၃၂ ယောက်ကို
အုပ်စု လေးစုခွဲပြီး စားပွဲတွေကိုလဲ လေးခုစာပြင်စီလိုက်ကြတယ်။ ပြီးတော့ ... သူတို့ကို
စာရွက်အဖြူကြီးတွေ တစ်ယောက်တစ်ရွက်စီပေးပြီး ... အခုလို ပြောပြပြီးတာတွေကို နားထောင်ပြီးတဲ့အခါမှာ
ဘယ်လိုတွေခံစားကြရသလဲ၊ ဘာတွေလုပ်ပေးဖို့လိုမယ်ထင်သလဲ၊ ဘာအခက်အခဲတွေရှိမလဲ စတာလေးတွေကို
(Group Discussion)အုပ်စုအတွင်းဆွေးနွေးတိုင်ပင်ကြပြီး ချရေးကြဖို့ ပေးလိုက်တယ်။ သူတို့တွေ
အချင်းချင်းစကားတွေပြောဆိုဆွေးနွေးနေကြစဉ်မှာလဲ ကိုယ်တို့ကလည်း ... လုပ်ရမယ့်ပုံစံလေးကို
အသေးစိတ်လိုက်ရှင်းပြ ... ၀င်ဆွေးနွေးစတာတွေလိုက်လုပ်ကြတာပေါ့ ...။ ပြီးတဲ့အခါ ...
အုပ်စုလေးခုစီက တစ်အုပ်စုကို တစ်ယောက်စီထွက်လာစေပြီး သူတို့တွေချရေးထားတာတွေကို ပြန်ပြီး
တင်ပြဆွေးနွေးစေခဲ့တယ်။ တစ်ယောက်ထွက်လာပြီး သူတို့တွေဆွေးနွေးပြောဆိုဖြစ်ခဲ့တာတွေကို
ထွက်ပြီးရှင်းပြလိုက် ... ကျန်တဲ့သူတွေက လက်ခုပ်တွေတီးပြီးအားပေးလိုက် ... နောက်တစ်ယောက်
... နောက်တစ်ယောက်နဲ့ ကိုယ်တို့ရဲ့သင်တန်းလေးစည်စည်ကားကားဖြစ်လာတယ် ...။ ရတဲ့အချိန်နှစ်နာရီကလည်း
ကုန်ဖို့တဖြည်းဖြည်းနဲ့နီးနီးလာတယ်။ သူတို့လေးဖွဲ့လုံး Presentation လုပ်ပြီးသွားကြတဲ့အခါ
... ကိုယ်က သူတို့ပြောသွားတဲ့အချက်တွေနဲ့ပတ်သက်ပြီး ကိုယ်တို့ဘက်က ထင်မြင်ချက်တွေ၊
လုပ်ပေးနိုင်တာတွေကို ပြန်ပြောပြတယ်။ ပြီးတော့ ... ကိုယ်တို့သူငယ်ချင်းတွေစုပြီးဖွဲ့ထားတဲ့
အဖွဲ့လေးရဲ့လုပ်ဖို့ရှိတဲ့ အစီအစဉ်လေးတွေကိုလဲ အကြမ်းဖျဉ်းရှင်းပြလိုက်တယ်။ နယ်တွေဆင်းပြီး
နည်းပညာဆိုင်ရာသင်ကြားမှုတွေလုပ်သွားမယ်ဆိုတဲ့ ကိုယ်တို့ရဲ့ အစီအစဉ်လေးကို အားလုံးက
အားတက်သရောနဲ့ မျှော်လင့်နေကြတာတွေ့ရတဲ့အတွက် ၀မ်းလဲသာမိသလို ... တစ်ဖက်ကလည်း ဆက်လုပ်ရမယ့်အလုပ်တွေအတွက်
အားတက်မိပါတယ်။ အဲဒီ့အစီအစဉ်လေးအပြီးမှာနာရီကို လှမ်းကြည့်လိုက်တော့ ၅နာရီကထိုးနေပါပြီ။
ဒါပေမယ့် ... နောက်ဆုံးအစီအစဉ်တစ်ခုအနေနဲ့
အခုပြုလုပ်သွားတဲ့မျှဝေဆွေးနွေးခြင်းအစီအစဉ်လေးကနေ ရလိုက်တဲ့အချက်တွေ၊ မြင်မိတဲ့အားနည်းချက်တွေကို
တစ်ယောက်ချင်းစီပြောကြတာလေးလုပ်ချင်တဲ့အကြောင်းပြောပြပြီး ... ဗိုက်ဆာနေကြပြီလားလို့မေးလိုက်တော့
အားလုံးရဲ့ နှုတ်ဖျားကနေ '' ရပါတယ် ... မဆာပါဘူး '' ဆိုတဲ့အသံထွက်လာတာနဲ့ ကိုယ်တို့ရဲ့
နောက်ဆုံးအစီအစဉ်လေးကို အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ပဲ စတင်ခဲ့ကြတယ်။ စာရွက်အဖြူတစ်ရွက်ကို
white-board ပေါ်ကပ် ... အလယ်ကမျဉ်းဆွဲပြီး နှစ်ပိုင်းခွဲလိုက်တယ်။ တစ်ဖက်ကတော့ ...
ဒီအစီအစဉ်လေးကနေရလိုက်တဲ့အချက်တွေရေးဖို့ ဖြစ်ပြီး၊ နောက်တစ်ဖက်ကတော့ ... ဒီအစီအစဉ်လေးနဲ့ပက်သက်ပြီး
မြင်မိတဲ့အားနည်းချက်တွေ၊ ဖြစ်စေချင်တာလေးတွေကို ရေးဖို့ပါ။ သင်တန်းသားတွေကို တစ်ယောက်စီထပြောစေပြီး
... ကိုယ်တို့တွေက စာရွက်ပေါ်ချရေးခဲ့ပါတယ်။ ရလိုက်တဲ့အချက်တွေထဲမှာတော့ ... အရင်ကမသိခဲ့တာတွေသိလာတယ်၊
ICT နည်းပညာဟာတတ်ထားဖို့လိုမယ်လို့ မြင်လာတယ်၊ ဒီအစီအစဉ်လေးအပြီးမှာ ICT နည်းပညာကို
တတ်မြောက်ချင်စိတ်တွေ၊ သင်ယူချင်စိတ်တွေဖြစ်လာကြတယ်၊ နယ်တွေကိုဆင်းပြီး စာသင်ကြမယ်ဆိုတာကိုလဲ
ကြိုဆိုပြီး လိုအပ်တဲ့အကူအညီတွေပေးကြမယ်လို့လဲ အချို့က ကတိပေးကြတယ်။ မြင်မိတဲ့အားနည်းချက်တွေကိုပြောကြတဲ့အခါမှာတော့
... ICT နည်းပညာကိုအခုမှစပြီးကြားဖူးတဲ့အတွက် ဘာတွေလိုအပ်တယ်ဆိုတာကို မပြောနိုင်ပါဘူးလို့
တစ်ယောက်က ထပြောတယ်။ နောက်တစ်ခုကတော့ ... အချိန် ၂နာရီက နည်းတဲ့အကြောင်းနဲ့ ဒီထက်ပိုတဲ့အချိန်မှာ
ဒီထက်ပိုတဲ့ ပညာရပ်တွေကိုသင်ကြားပေးစေချင်တယ်လို့ပြောတယ်။ ပြီးတော့ ... အချိန်သာပိုရရင်
... လက်တွေ့အသုံးချခြင်းအစီအစဉ် (Pritical) ပိုင်းကိုလဲ ထည့်သွင်းစေချင်တဲ့အကြောင်းပြောကြတယ်။
နောက်တစ်ယောက်ကတော့ ... ပြောသွားတဲ့အထဲက အင်္ဂလိပ်လိုစကားလုံးတွေကို တတ်နိုင်သမျှမြန်မာလိုပြန်ပေးဖို့လဲ
မေတ္တာရပ်ခံသွားတာကိုတွေ့ရတယ်။ နောက်ပြီး ... နယ်ဆင်းပြီးစာသင်ကြတဲ့အခါမှာ ... နယ်မြေခံတွေနဲ့
နက်နက်နဲနဲတိုင်ပင် ညှိနှိုင်းကြပြီးမှလုပ်သင့်တဲ့အကြောင်းလဲ အကြံပြုသွားပါသေးတယ်။ သိပ်ကိုစိတ်ဝင်စားစရာကောင်းပြီး
... ကိုယ်တို့ရဲ့ရှေ့ဆက် ရမယ့်လမ်းကြောင်းအတွက် အများကြီးအကျိုးရှိတဲ့အကြံပြုချက်တွေပါပဲ။
ကိုယ်တို့ရဲ့ အစီအစဉ်တွေအားလုံး ပြီးဆုံးသွားတဲ့အခါမှာတော့ သင်တန်းသူ၊ သင်တန်းသားတွေအားလုံးနဲ့
ကိုယ်တို့အဖွဲ့နဲ့ စုပေါင်းပြီး ဓါတ်ပုံရိုက်ကြတယ် ...။ အားလုံးရဲ့မျက်ဝန်းတွေထဲက မျှော်လင့်ချက်တွေ၊
စိတ်အားထက်သန်မှုအလင်းတွေနဲ့ ကိုယ်တို့ရဲ့နှုတ်ခမ်းတွေပေါ်က ပီတိအပြုံးတွေ ပေါင်းစပ်ပြီး
... ဓါတ်ပုံလေးကတော့သိပ်ကိုလှနေမှာပဲလို့ ကိုယ်တွေးမိတယ် ...။
အားတက်သရောပူးပေါင်းပါဝင်ခဲ့ကြတဲ့ သင်တန်းသူ၊သင်တန်းသားတွေ
အားလုံးကိုကျေးဇူးတင်သလိုပဲ ...။ ကိုယ်နဲ့အတူ စိတ်ရောကိုယ်ပါ ... ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြတဲ့
သူငယ်ချင်းတွေအားလုံးကိုလဲ ... ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားလေးနဲ့အတူ ... ရှေ့ဆက်ကြစို့ဆိုတဲ့စကားလေးကိုပါ
ထပ်ဆောင်းပြောလိုက်ချင်ပါသေးတယ်။
နေဘုန်းလတ်
၁၂.၀၃.၂၀၁၂
(တနင်္လာ)
Thursday, March 8, 2012
ကျွန်တော်နှင့် ဘားကမ့် (Barcamp)
ကျွန်တော်နှင့် ဘားကမ့် (Barcamp)
ဒီနှစ် ဖေဖော်ဝါရီ ၄ရက်နဲ့ ၅ရက်နေ့တွေမှာ
မန္တလေးဘားကမ့်၊ ဖေဖော်ဝါရီ ၁၁ရက်နဲ့ ၁၂ရက်နေ့တွေမှာ ရန်ကုန်ဘားကမ့်တို့ကို အောင်အောင်မြင်မြင်နဲ့
ကျင်းပနိုင်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ မန္တလေးမှာ တစ်ရက်၊ ရန်ကုန်မှာနှစ်ရက် ပူးပေါင်းပါဝင်ဆွေးနွေးဖြစ်ခဲ့ပါတယ်။
ဘားကမ့် (Barcamp) ဆိုတာက တက်ရောက်သူတွေအားလုံး ဟောပြောချင်သူရော၊ နားထောင်ချင်သူတွေပါ
လွတ်လပ်စွာ၊ ရင်းနှီးပွင့်လင်းစွာနဲ့ အသိပညာ၊ အတတ်ပညာတွေ ဖလှယ်ရယူနိုင်တဲ့ပွဲမျိုးပါ။
တစ်နေ့တာရဲ့အချိန်အပိုင်းအခြားလေးတွေနဲ့ ဟောပြောနိုင်တဲ့ အခန်းလေးတွေကို တွဲလျက်ကပ်ပေးထားတဲ့
Board တစ်ခုရှိပြီး တက်ရောက်လာသူတွေထဲ ကမည်သူမဆိုဟာ ကိုယ်မျှဝေချင်တဲ့ အကြောင်းအရာနဲ့
ပြောမယ့်သူနာမည်ကို စာရွက်တောင်းရေးပြီး ပြောချင်တဲ့အခန်း ပြောချင်တဲ့အချိန် ဆုံတဲ့အကွက်မှာ
ကပ်လိုက်ဖို့ပါပဲ။ ဒါဆို အဲဒီ့ Board ကိုလာကြည့်တဲ့သူတွေကလည်း ဘယ်သူက ၊ ဘယ်အခန်းမှာ၊
ဘယ်အချိန်၊ ဘာအကြောင်းပြောမယ် ဆိုတာတွေကို သိသွားပြီး ကိုယ်စိတ်ဝင်စားတယ်ဆိုရင် အဲဒီ့အခန်းကို
သွားနားထောင်လိုက်ရုံပါ …။ နိုင်ငံတကာက Barcamper တွေအတွက် ဘာသာပြန်သူတွေ စီစဉ်ပေးထားသလို
… အိုင်တီမကျွမ်းကျင်သူတွေ အတွက်လည်း ပြောချင်တာပြောနိုင်ဖို့ နည်းပညာ ပိုင်းဆိုင်ရာ
အထောက်အကူပြုပေးမယ့်သူတွေ ထားပေးထားပါတယ် …။
ကျွန်တော်တို့နိုင်ငံမှာ ဘားကမ့်ပွဲလေးတွေ
ကျင်းပဖြစ်နေပြီဆိုတဲ့အကြောင်းကို အထဲမှာ ကတည်းက ဂျာနယ်တွေဖတ်ပြီး သိနေခဲ့ပါတယ်။ အဲဒီ့ကတည်းက
စိတ်ထဲမှာ ရွစိရွစိဖြစ်နေခဲ့တာပါ …။ ပါဝင်ဆောင်ရွက်နေကြတဲ့သူတွေထဲ မှာလည်းကိုယ့်ရဲ့ သူငယ်ချင်း တွေကိုတွေ့နေရတော့
ပိုဆိုးတာပေါ့ …။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ရန်ကုန်ဘားကမ့် တွေနဲ့ ပထမအကြိမ်မန္တလေးဘားကမ့်တို့ကို
အထဲကနေပဲ လှမ်းလွမ်းရင်းဖြတ်သန်းခဲ့ရတယ်။ အခုတော့ ကံကောင်းထောက်မစွာနဲ့ ဘားကမ့်နှစ်ခုစလုံးအမီ
အပြင်ပြန်ရောက်လာနိုင်ခဲ့လို့ နှစ်ခုစလုံးကို ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်ဆင်နွှဲခွင့်ရခဲ့ပါတယ်
…။ မန္တလေးဘားကမ့်ကိုသွားတုန်းကတော့ တစ်ခုခု ၀င်ပြောဖို့အစီအစဉ်မရှိခဲ့ပါဘူး။ ဒါပေမယ့်
တစ်ခုခုပြောပါလားလို့ ၀ိုင်းပြောကြတာနဲ့ ပြောချင်နေတဲ့ခေါင်းစဉ် တစ်ခုကို ကမမ်းကတမ်း ပဲ
ပြင်ဆင်ပြီး ပြောဖြစ်ခဲ့တယ်။ မန္တလေးမှာ ပြောဖြစ်ခဲ့တဲ့ ခေါင်းစဉ်က တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းမှာ
အချိတ်အဆက် မိဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းလေးပါ … ။အင်္ဂလိပ်လို (Connection in
State Building Process) လို့ နာမည်ပေးဖြစ်ခဲ့တယ်။ အဓိက က တိုင်းပြည်တစ်ခုရဲ့ အုပ်ချုပ်ရေး၊
တရားစီရင်ရေး၊ ဥပဒေပြုရေး၊ မီဒီယာနဲ့ ပြည်သူဆိုတဲ့ မဏ္ဍိင်ငါးရပ်ရဲ့ အချင်းချင်းချိတ်ဆက်မှုအားကောင်းနေမှ
ဒီမိုကရေစီစနစ်တစ်ခု အားကောင်းစွာနဲ့ဖြစ်ပေါ်လာနိုင်မယ့်အကြောင်း၊ အဲဒီ့ ချိတ်ဆက်မှုတွေကို
ခိုင်မာသထက်ခိုင်မာအောင် မြန်သထက်မြန်အောင်လုပ်နိုင်မှ ဒီမိုကရေစီ စနစ်တစ်ခု အဓွန့်ရှည် တည်တံ့မယ့်
အကြောင်းတွေပြောဖြစ်ပါတယ် …။ ပြီးတော့ … အိုင်တီကို စိတ်ဝင်စားတဲ့ လူငယ်တွေအနေနဲ့ မဏ္ဍိင်ငါးခုထဲက
မီဒီယာနဲ့ ပြည်သူဆိုတဲ့ မဏ္ဍိင်နှစ်ခုကို ကိုယ်စားပြုနေ တာကြောင့် အဲဒီ့မဏ္ဍိင်နှစ်ခုရဲ့
တာဝန်တွေကို လေ့လာပြီး ကျေပွန်အောင်ထမ်းဆောင်ကြဖို့လဲ တိုက်တွန်းဖြစ်ခဲ့ပါတယ် …။ အခုခေတ်မှာ
CJ (citizen journalist) ဆိုတဲ့စကားခေတ်စား လာသလို နိုင်ငံသားတိုင်းဟာ မီဒီယာသမားတစ်ပိုင်းဖြစ်နေတဲ့
ခေတ်ကို ရောက်နေပါပြီ …။ ဒါကြောင့်လဲ ကျွန်တော်က လူငယ်တွေကို မဏ္ဍိင်နှစ်ခုစာ တာဝန်ရှိတယ်လို့
ပြောခဲ့တာပါ …။ မန္တလေးဘားကမ့်ကို တစ်ရက်ပဲ တက်ရောက်နိုင်ခဲ့ပြီး အထဲမှာရင်းနှီးခဲ့တဲ့
အကိုတော်တစ်ယောက်ရဲ့ ဖိတ်ကြားချက်အရ မကွေးတိုင်းက မြစ်ခြေကျေးရွာစုလေးဆီခရီးဆက်ခဲ့ရပါတယ်
…။ အဲဒီ့ခရီးစဉ် အကြောင်း ကိုတော့ နောက်အလျင်းသင့်ရင် ခရီးသွားဆောင်းပါးသဘောမျိုးလေးရေးပါဦးမယ်
…။
ရန်ကုန်ဘားကမ့် ကိုတော့ ၁၁ရက်နဲ့ ၁၂ရက်နေ့တွေ မှာ
နှစ်ရက်စလုံး တက်ရောက်ဖြစ် ခဲ့ပါတယ်…။ ပြောတာကလည်း ပထမနေ့ရော၊ ဒုတိယနေ့မှာပါ ၀င်ပြောဖြစ်တယ်။
ပထမနေ့ကတော့ မန္တလေးမှာပြောဖြစ်ခဲ့တာကိုပဲ နည်းနည်းထပ်ချဲ့ပြီး ဗဟိုဦးစီးချုပ်ကိုင်မှုလျှော့ချခြင်း
(Decentralization) ခေါင်းစဉ်နဲ့ပြောဖြစ်ခဲ့တယ် ...။ ကျွန်တော်တို့နိုင်ငံမှာ အရင်ကရှိခဲ့တဲ့
ဗဟိုကနေအရာရာကိုချုပ်ကိုင်တဲ့ စနစ်ကနေ အခုတော့ ဗဟိုဖြစ်တဲ့အုပ်ချုပ်ရေးက အခြားမဏ္ဍိင်တွေနဲ့
တပြေးညီဖြစ်သွားတဲ့ ဒီမိုကရေစီစနစ်ကို ပြောင်းသွားပြီဆိုတဲ့အကြောင်း၊ အဲဒီ့စနစ်မှာ
မဏ္ဍိင်တွေရဲ့ အပြန်အလှန် စောင့်ကြည့်၊ ချိန်ညှိမှု (Raciprocal check & balance)
သိပ်ကိုအရေးကြီးတဲ့အကြောင်း မဏ္ဍိင်တစ်ခုက အခြားတစ်ခုကို ပစ်ထားလို့မရတဲ့ အကြောင်း၊ အထူးသဖြင့်
အဓိက မဏ္ဍိင်ဖြစ်တဲ့ ပြည်သူလူထုက အခြားမဏ္ဍိင်တွေကို ပစ်မထားပဲ အားကောင်းကောင်းနဲ့ ချိတ်ဆက်ထား သင့်ကြောင်းတွေ
ပြောဖြစ်ပါတယ် ...။ အားလုံးက စိတ်ဝင်တစားနဲ့ နားထောင်တဲ့ အပြင်မေးခွန်းတွေနဲ့ မေးမြန်းဆွေးနွေးကြတဲ့အတွက်
ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ် ...။ ဒုတိယနေ့မှာတော့ ကျွန်တော်တို့သူငယ်ချင်းတွေ စုပြီးတိုင်ပင်ထားကြတဲ့
အိုင်တီနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၀ိုင်းလုပ်ကြမယ် အဖွဲ့အစည်းလေးအကြောင်းနဲ့
လုပ်ဖို့ရည်ရွယ်ထားတဲ့ လုပ်ငန်းစဉ်လေးတွေ အကြောင်းကို ဆွေးနွေးဖြစ်ခဲ့ပြီး ... တက်ရောက်လာကြတဲ့သူတွေထဲက ပူးပေါင်းပါဝင်ချင်ကြတဲ့သူတွေကို
ဖိတ်ခေါ်ခဲ့တဲ့အခါမှာ လူငယ်တော်တော်များများက အားတက် သရောနဲ့ စိတ်ဝင်တစားစာရင်းပေးကြတာကို
တွေ့ရပါတယ်။ ရှေ့ဆက်လုပ်မယ့် နည်းပညာပြန့်ပွားရေး လုပ်ငန်းတွေအတွက် အားတက်ရသလို ...
လူငယ်တွေရဲ့ တိုင်းပြည်ကိုတိုးတက်စေချင်တဲ့ စိတ်ထားနဲ့ ပညာကိုမျှဝေချင်ကြတဲ့ စေတနာတွေ ကို
တွေ့လိုက်ရတဲ့အတွက်လဲ ... အင်မတန်ကိုကြည်နူးကျေနပ်ရပါတယ် ...။
အရင်နှစ်တွေတုန်းက ရန်ကုန်ဘားကမ့်မှာ အိုင်တီနဲ့ဆိုင်တဲ့ခေါင်းစဉ်တွေ ပဲများတယ်လို့
ပြောတာ ကြားရပေမယ့် အခုနှစ်မှာတော့ အိုင်တီနယ်နဲ့မဆိုင်တဲ့ အခြားသောခေါင်းစဉ်လေးတွေ
( ဥပမာ ။ မြန်မာ့စစ်တုရင်၊ လွှတ်တော်တွင် အိုင်တီနှင့်ပတ်သက်ပြီး ကျွန်တော်(တို့)ပြောဆိုဆွေးနွေးစေချင်တဲ့
အကြောင်းများ၊ ဆိုက်ကား ) ကိုတွေ့ရပါတယ်။ မန္တလေးမှာတော့ အိုင်တီနဲ့မဆိုင်တဲ့ နယ်ပယ်က
ဝင်ပြောတာတွေပိုများတာကိုတွေ့ရပါတယ်။ ဒါကလည်း ကျွန်တော်တို့တွေရဲ့ သတင်းပေးမှုအားနည်း
တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ Barcamp ဆိုတာ နည်းပညာဆိုင်ရာ ဘာသာရပ်တွေကိုပဲ ပြောဆိုဆွေးနွေးတဲ့နေရာမဟုတ်ဘူး၊
ဘယ်လိုကဏ္ဍမျိုး မဆို ကိုယ်ကလည်းမျှဝေဖို့ အဆင်သင့်ဖြစ်မယ် နားထောင်ချင်တဲ့သူတွေကလည်း
စိတ်ဝင်စားကြမယ် ဆိုရင် ကိုယ်သိထားသမျှ၊ တတ်ထားသမျှတွေကို ပြောဆိုဆွေးနွေးနိုင်၊ မျှဝေနိုင်တဲ့နေရာလေးဖြစ်တယ် ဆိုတာကို
ဒီ့ထက်ပိုပြီးလူသိအောင် ကျွန်တော်တို့လုပ်နိုင်မယ်ဆိုရင် နောက်နောင်နှစ်တွေမှာ ကဏ္ဍစုံပါဝင်ဆွေးနွေးကြတဲ့
ပွဲလေးဖြစ်လာပြီး ပိုပြီး စည်စည်ကားကားလေးဖြစ်လာမယ်ထင်ပါတယ်။ ကျွန်တော်လဲ အပြင်ပြန်ရောက်လာပြီဆိုတော့
နောက်နှစ် Barcamp ပွဲလေးတွေမှာ ဒီထက်ပိုပြီး ၀ိုင်းလုပ်ပေးနိုင်ဖို့မျှော်လင့်ရပါတယ်...။
ဒီနှစ်ရန်ကုန်ဘားကမ့်ရဲ့ထူးခြားချက်ကတော့
ဖွင့်ပွဲအခမ်းအနားကို အန်တီကိုယ်တိုင်လာပြီး ဖွင့်ပေးသွားတဲ့အချက်ပါ ...။ အန်တီလာပြီးဖွင့်ပေးသွားတဲ့အချက်အပေါ်
အခြားသူတွေ ဘယ်လိုသဘောထား သလဲတော့မသိပါဘူး ။ ကျွန်တော်ရဲ့အမြင်ကတော့ ဦးစီးကျင်းပသူတွေ၊
စီစဉ်သူတွေအနေနဲ့ ပိုပြီးတာဝန်ကြီး သွားတယ်လို့ မြင်ပါတယ်။ အန်တီ 2012 Barcamp
Yangon ဖွင့်ပွဲအခမ်းအနားမှာပြောသွားတဲ့ မိန့်ခွန်းကို ကြည့်မယ်ဆိုရင် အန်တီ့အနေနဲ့
ဒီလိုလွတ်လပ်မှုကို အသားပေးတဲ့ ပွဲမျိုးလေးကို အလွန်စိတ်ဝင်စားပြီး ၊ အများကြီးလဲ မျှော်လင့်တယ်ဆိုတာ
သိသာပါတယ် ...။ ဒါကြောင့် ကျွန်တော်တို့တွေ
ပိုပြီးတာဝန်ကြီး သွားတယ်လို့ပြောတာပါ။ အန်တီကဖွင့်ပေးသွားခဲ့ပြီး နောက်ပိုင်းမှာ ဖြစ်ချင်တိုင်းဖြစ်နေမယ်ဆိုရင်
အလကားပါပဲ ...။ ဒီလိုပြောလို့ ဒီနှစ်ရန်ကုန်ဘားကမ့်ပွဲဟာ မအောင်မြင်ဘူးလို့ ကျွန်တော်မဆိုလိုပါဘူး
...။ အောင်မြင်ပါတယ် ...။ ဒါပေမယ့် ပြောစရာတွေ၊ လိုအပ်တာတွေ၊ ဒီထက်ပိုပြီး တိုးတက်အောင်လုပ်လို့
ရတာတွေ ရှိနေပါတယ်။ ပြောစရာတွေများစွာထဲကမှ အဓိကအချက်ကတော့ အင်တာနက်မရခြင်းပါပဲ
... အိုင်တီသမားတွေ ဦးစီးကျင်းပတဲ့ အိုင်တီပွဲကြီးဖြစ်ပြီး အင်တာနက်သုံးမရတာဟာ စိတ်ပျက်စရာပါ
...။ ကြော်ငြာတွေမှာတုန်းက ဘယ်သူမဆို Free internet access ရမယ်လို့ ကြေငြာထားပြီး
တကယ့်လက်တွေ့မှာ မီဒီယာကော်နာကလူတွေတောင် ပုံတွေအလျှင်မီအောင် မတင်နိုင်တာ ဆိုးပါတယ်
...။ နောက်တစ်ခုက လူများပြီးပွဲမစည်တဲ့ကိစ္စပါ ...။ organiser တင် ၅၀ ကျော်တယ်လို့သိရပါတယ်
...။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်လဲမသိ၊ organiser နဲ့ volunteer တွေကလည်း အချိတ်အဆက်မမိ၊
ဘယ်သူက ဘယ်မှာ တာဝန်ရှိတယ်ဆိုတာမျိုးလဲ သေချာမရှိပဲ ... mis-management သဘောမျိုးလေးတွေ အများကြီး တွေ့ရပါတယ် ...။ နောက်ပြီး
တာဝန်တစ်ခုကိုသေချာထမ်းဆောင်နေကြသူတွေရှိပေမယ့် ... ဟိုယောင်ဒီယောင်တွေများနေသလားလို့ပါ
...။ ဒါကလည်း မလိုအပ်ပဲ လူများနေတော့ သူလုပ်နိုးနိုး ငါလုပ်နိုးနိုးနဲ့ ဟာကုန်တဲ့သဘောတွေပါ ...။ organizer တွေထဲမှာ လူငယ်တွေများတဲ့ အတွက်
ဖြစ်လာတဲ့ ပြသနာတွေကိုဖြေရှင်းတဲ့နေရာမှာ ... စမတ်ကျကျမရှင်းတတ်ပဲ ... မလိုအပ်တဲ့
conflict လေးတွေဖြစ် လာတာကို တွေ့ရပါတယ် ...။ ကျွန်တော်က အပြင်လူတစ်ယောက်အနေနဲ့ အားလုံးရဲ့
ဝေဖန်ချက်တွေကို လိုက်နားထောင်နေတော့ ... ပြုပြင်စရာ၊ သတိထားစရာလေးတွေကို အများကြီးကြားခဲ့ရပါတယ်
...။ အကျီတွေ လွယ်လွယ်ထုတ်မရတာကအစ၊ Registration လုပ်တာကို Online နဲ့ Offline ခွဲခြားဆက်ဆံတာအဆုံးပေါ့
...။
တကယ်တမ်းကျတော့ ဘားကမ့်ပွဲဆိုတာ တက်ရောက်လာသူတွေထဲက
မည်သူမဆိုဟာ ဦးဆောင်ဆွေးနွေးဟောပြောသူ ဖြစ်နိုင်သလိုပဲ
၊ နားထောင်လေ့လာသူလဲ ဖြစ်နိုင်ပါတယ် ...။ ဒါကြောင့် တစ်ခုခုကို ဦးဆောင်ဆွေးနွေးမယ်ဆိုရင်လဲ
ကိုယ့် Topic ကိုလူစိတ်ဝင်စားအောင် တင်ပြဆွေးနွေးနိုင်ဖို့အတွက် သေသေချာချာလေ့လာ ပြင်ဆင်ထားသင့်သလို၊
အခြားသူတွေပြောတာ ကို နားထောင်လေ့လာတဲ့အခါမှာလဲ အထူးအာရုံစိုက်ပြီး သေချာနားထောင်လေ့လာ သင့်ပါတယ်။
ပြောတဲ့နေရာမှာလဲ သေချာပြင်ဆင်မှုမရှိ၊ ကိုယ်တကယ်ပိုင်နိုင်တဲ့ Topicကိုလဲမရွေးချယ်
၊ နားထောင်တဲ့အခါမှာလဲ ဟိုအခန်းခဏသွား ၊ ဒီအခန်းခဏသွားလုပ်နေပြီး ထိုင်နားထောင်နေတဲ့ အခါတွေမှာ
သေချာအာရုံစိုက်မှုမရှိဘူးဆိုရင်တော့ ဘာမှမရပဲ ခြေညောင်းအချိန်ကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်
...။ နောက်ပိုင်းနှစ်တွေမှာ ဒီ့ထက်ဒီ့ထက်ပိုပြီး ထိရောက်စည်ကားတဲ့ Barcamp ပွဲတွေကိုဆက်လက်ပြီးကျင်းပနိုင်ဖို့
ကျွန်တော်တတ်နိုင်တဲ့ ဘက်က ပါဝင်ကူညီဖို့ စိတ်ကူးမိပြီး ... စာဖတ်သူညီငယ်ညီမငယ်တွေကိုလဲ
ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်လိုပါတယ် ...။
နေဘုန်းလတ်
www.nayphonelatt.com
ဖူးငုံ(Teen)မဂ္ဂဇင်း မတ်လထုတ်မှာရေးဖြစ်ခဲ့တဲ့ စာမူလေးပါ ။ ။
Subscribe to:
Posts (Atom)





